တစ်ရက်တည်း အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုထုတ်ပြန်

RFA Burmese
2023.06.12
တစ်ရက်တည်း အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုထုတ်ပြန် ကရင်ပြည်နယ်၊ လယ်ဒိုမြို့နယ်၊ ဝါးပင်စုကျေးရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
KNU

ကရင်ပြည်နယ်၊ ခလယ်လွီထူခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်း ဇွန်လ ၉ ရက် တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်ကြောင့် အမျိုးသမီးနှစ်ဦး အပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇွန်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့သလို ရွာထဲဝင်ပြီးသေနတ်နဲ့ပစ်ခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန်လ ၉ ရက်၊ ညနေ ၃ နာရီခန့်က လယ်ဒိုမြို့နယ် ဆင်မတောင်ကနေ ပေတူးရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခဲ့လို့ အသက် ၅၁ နှစ်အရွယ် နော်ဘော်ထူး လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ည ၇ နာရီခန့်ကနေ ည ၉ နာရီကျော်အထိ မူးမြို့နယ် ကွင်းချောင်းဝကနေ လက်နက်ကြီးနဲ့ (၁၂) ချက် ထပ်ပစ်ခဲ့ပြီး ရေတွင်းကုန်းကြီးရွာကို လေးချက် ထိမှန်ခဲ့တာကြောင့် အသက် ၃၆ နှစ်အရွယ် စောဆိဖိုး သေဆုံးပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၉ ရက် မနက်ကလည်း လယ်ဒိုမြို့နယ်၊ ဝါးပင်စုရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ် ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး ပစ်သတ်ခဲ့သလို အမျိုးသားတစ်ဦးကိုပါ ပစ်သတ်သွားတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူနှစ်ဦးရဲ့ အမည်၊ အသက်စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလောမသိရသေးသလို စစ်တောင်းမြစ်ထဲ မျောပါလာတဲ့ ရုပ်အလောင်း နှစ်လောင်းကို တွေ့ရှိခဲ့ပေမယ့် စစ်ကောင်စီတပ်က ပစ်သတ်သွားတဲ့ ဒေသခံ ရုပ်အလောင်းတွေ ဟုတ်၊ မဟုတ် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဝါးပင်စုရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုအပြင် ရွာထဲဝင်ပြီး မီးရှို့သွားတာကြောင့် နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဒီနေ့ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်းမှာ လက်ရှိစစ်ရေးပြင်းထန်နေပြီး ဇွန်လ ၆ ရက်နေ့ ကလည်း စစ်ကောင်စီတပ် စခန်းငါးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် လယ်ဒိုမြို့နယ်မှာရှိတဲ့ နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စတဲ့ ရွာတွေနဲ့ မူးမြို့နယ်မှာရှိတဲ့ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စတဲ့ရွာတွေက ဒေသခံ ၄၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။