ကယားနဲ့ ရှမ်းတောင်မှာ အာဏာသိမ်းပြီးနောက် ကလေးနဲ့အမျိုးသမီး ၁၅၅ ဦး သေဆုံး

RFA Burmese
2023.10.02
ကယားနဲ့ ရှမ်းတောင်မှာ အာဏာသိမ်းပြီးနောက် ကလေးနဲ့အမျိုးသမီး ၁၅၅ ဦး သေဆုံး ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေရွာအတွင်း ၂၀၂၃ နှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် အမျိုးသမီးတစ်ဦးအား သယ်ယူနေသည်ကို တွေ့ရစဉ်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်တွေမှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ စက်တင်ဘာ ၃၀ ရက်အထိ ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း ၁၅၅ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူ အိုက်ကဖြူးက RFA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှု၊ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာအပြင် စစ်ဘေးရှောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် အရပ်သားတွေ သေဆုံးခဲ့တာပါ။

ဒီအခြေအနေတွေကြောင့် ကလေးငယ် ၅၇ ဦးနဲ့ အမျိုးသမီး ၉၈ ဦး သေဆုံးခဲ့တာလို့ PKPF တာဝန်ရှိသူ အိုက်ကဖြူးက ပြောပါတယ်။

"သေဆုံသူအများစုက စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာက အများဆုံး။ ပြီးတော့ အခုနောက်ပိုင်း လက်နက်ကြီးကြောင့် သေဆုံးရတာတွေလည်း များတယ်"

ဒီစာရင်းကို ဒေသခံတွေ၊ ဒုက္ခသည်အရေးကူညီနေသူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီက ရရှိတဲ့ အချက်အလက်တွေအပေါ်အခြေခံပြီး ကောက်ယူထားတာလို့ သူကပြောပါတယ်။

ကရင်နီအမျိုးသမီးအစည်အရုံးအတွင်းရေးမှူး (၂) မော်ဖရေးမြာကတော့ စစ်ကောင်စီတပ်ကြောင့် အရပ်သားသေဆုံးမှုတွေဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြောပါတယ်။

"စစ်ကောင်စီတပ်က ပြည်သူတွေကို လူသားဒိုင်းလုပ်တယ်။ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လေကြောင်းနဲ့ပစ်တာတွေကြောင့် ပြည်သူတွေ လုံခြုံမှုမရှိဘဲ သေဆုံးရတာဖြစ်ပါတယ်။ ဒါတွေက စစ်ရာဇဝတ်မှုကိုကျူးလွန်တာလည်းဖြစ်သလို လူသားတစ်ယောက်ရဲ့ လွတ်လပ်စွာနေထိုင်အသက်ရှင်သန်ခွင့်ကိုပါ ချိုးဖောက်နေတာ ဖြစ်တယ်"

PKPF ရဲ့စာရင်းအရ စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်တာ၊ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူ ၃၈၂ ဦးရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၁၄၂ ဦး၊ စုစုပေါင်း အရပ်သား ၅၂၄ ဦး သေဆုံးခဲ့ပါတယ်။

ဒီအချက်အလက်တွေနဲ့ပတ်သက်လို့ ကယားပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးမြင့်ကြည်နဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ဦးခွန်သိန်းမောင်တို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

အာဏာသိမ်းပြီးနောက် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲ ၈၂၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။