ဒီးမော့ဆိုမှာ တိုက်ပွဲဆက်ဖြစ်နေ၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

RFA Burmese
2023.09.05
ဒီးမော့ဆိုမှာ တိုက်ပွဲဆက်ဖြစ်နေ၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်းရှိ တိုက်ပွဲတစ်ခုတွင် လက်နက်ထိမှန်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ ဦးထုပ်အား တွေ့ရစဉ်။
KNDF

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် သေးဆူလဲရွာနဲ့ ပူဖားရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို စက်တင်ဘာလ ၂ ရက်နေ့ မနက်မှာ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက်ပိုင်း စက်တင်ဘာ ၄ ရက်နေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ KNDF ပြောခွင့်ရသူတစ်ဦးက RFA ကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သုံးဆယ်ကျော်အထိ သေဆုံးခဲ့တယ်လို့ပြောပေမယ့် ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ကရင်နီကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပြန်ကြားရေးတာဝန်ရှိသူက ပြောပေမယ့် အရေအတွက်တိတိကျကျကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

"ပြောရရင် သေးဆူလဲနဲ့ ပူဖားရွာက တပ်စခန်းနှစ်ခုကို ကျွန်တော်တို့ဘက်က တိုက်ခိုက်ခဲ့တော့ သူတို့ဘက်က ထိခိုက်ကျဆုံးမှုရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိတယ်။ ဒါကိုတော့ ပြီးရင် သတင်းထုတ်ပြန်ပေးပါမယ်"

KNDF – BO-6 ရဲ့ အခုရက်ပိုင်းထုတ်ပြန်ချက်မှာတော့ ပူးဖားရွာတိုက်ပွဲအတွင်းမှာ KNDF တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ကလည်း ပြန်လည်ထိုးစစ်ဆင်ဖို့ လုပ်နေတာကြောင့် စက်တင်ဘာလ ၅ ရက် ဒီနေ့အထိ စစ်ရေးအခြေအနေ ဆက်တင်းမာနေတယ်လို့ KNDF ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီးမော့ဆိုနဲ့ ဖရူဆိုလမ်းပိုင်းက ရွာတွေကို သြဂုတ်လ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်မ ၅၅ လက်အောက်ခံတပ်တွေနဲ့ အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတာလို့ KNDF က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNDF အကြား တိုက်ပွဲအကြိမ် (၅၀) အထိဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၄၅) ကြိမ်လုပ်ခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့သလို လက်နက်ကြီးကျည်ကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လအတွင်း တိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်ဘက်က ၁၁၀ ဦး သေဆုံးပြီး လေးဆယ်ကျော် ဒဏ်ရာရခဲ့သလို စစ်သုံ့ပန်းသုံးဦး ဖမ်းမိခဲ့ပြီး KNDF တပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီထုတ်ပြန်ချက်မှာပါရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုစာရင်းနဲ့ ပတ်သက်လို့တော့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းအရ ကယားပြည်နယ်ထဲမှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလဆန်းပိုင်းအထိ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၂၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။