ဒီးမော့ဆိုမှာ ဒေသခံတစ်ဦး နေအိမ်ခြံဝန်းအတွင်း မိုင်းနင်းမိပြီး သေဆုံး

2022.11.20
Share on WhatsApp
Share on WhatsApp
ဒီးမော့ဆိုမှာ ဒေသခံတစ်ဦး နေအိမ်ခြံဝန်းအတွင်း မိုင်းနင်းမိပြီး သေဆုံး ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲရွာသစ် နေအိမ်ခြံဝန်းအတွင်းမှာ မြေမြှုပ်မိုင်းနင်းမိသဖြင့် သေဆုံးသွားသည့် ဦးဖဲဘူးကို တွေ့ရစဉ်။
Photo: Kantarawaddy Times

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲရွာသစ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက် နေ့က နေအိမ်ကို ပြန်လာတဲ့ ရွာခံအမျိုးသားတစ်ဦး သူ့ရဲ့နေအိမ်ခြံဝန်းထဲမှာပဲ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၉ နှစ်အရွယ် ဦးဖဲဘူး ဆိုသူဖြစ်ပြီး စစ်ဘေးရှောင်နေရာကနေ နေအိမ်ကိုပြန်လာပြီး သန့်ရှင်းရေးလုပ်ချိန် မိုင်းနင်းမိခဲ့တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ကူညီပေးခဲ့သူက RFA ကို ပြောပါတယ်။

"သူက စစ်ဘေးရှောင်နေရတာကြာပြီ။ အဲဒါ ရွာကိုပြန်လာပြီး သူ့အိမ်ကို သန့်ရှင်းရေး ပြန်လုပ်တာ။ အိမ်ခြံဝန်းထဲမှာပဲ မိုင်းနင်းမိသွားတာ။ ကျနော်တို့ သူ့ကို ကူညီပေးခဲ့ရတာ။ ဆေးရုံရောက်တဲ့အထိ အသက်တော့ ရှိသေးတယ်။ ဆေးရုံရောက်ပြီးမှ ဆုံးသွားတာ"

ဦးဖဲဘူးဟာ မိုင်းနင်းမိခဲ့တာကြောင့် ယာဘက်ခြေထောက် ပြတ်သွားတဲ့အပြင် မျက်နာနဲ့ ရင်ဘတ်တွေမှာ ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး သေဆုံးသွားတာလို့ သူက ဆက်ပြောပါတယ်။

ဘယ်အဖွဲ့အစည်းက ထောင်ထားခဲ့တဲ့မိုင်းလဲဆိုတာတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီးမော့ဆိုမြို့နယ်ထဲမှာ အခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့လည်း ဒီးမော့ဆိုမြို့နယ်ထဲက မူကြိုကျောင်းတစ်ခုမှာ လက်နက်ကြီးကျည် ငါးလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ငါးနှစ်အရွယ် မိန်းကလေး တစ်ဦး သေဆုံးပြီး မိသားစုဝင် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (DMO-PDF) က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ နိုဝင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။