ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးဒုက္ခသည် လေးသောင်းဝန်းကျင် စားနပ်ရိက္ခာခက်ခဲနေ

RFA Burmese
2023.05.24
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးဒုက္ခသည် လေးသောင်းဝန်းကျင် စားနပ်ရိက္ခာခက်ခဲနေ ကယားပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့က တွေ့ရစဉ်။
ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

စစ်ကောင်စီတပ်က ဆန်နဲ့ စားသောက်ကုန် သယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်လေးသောင်း (၄၀,၀၀၀) နီးပါး စားနပ်ရိက္ခာပြတ်လပ်မှု ကြုံနေတယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ပြောပါတယ်။ 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကစလို့ ကယားပြည်နယ်အတွင်း ဆန်နဲ့ စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်ခဲ့တာလို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကိုဖရန်စစ် က ပြောပါတယ်။

“ဆန်၊ ဆီ၊ ဆေးဝါးတွေ လုံးဝ သယ်ခွင့်မရဘူးပေါ့နော်။ ကုန်သွယ်ရေးလမ်းကြောင်းတွေ အကုန်ပိတ်ထားတယ်။ အလှူရှင်လည်း မလာနိုင်ဘူး။ ဆန်လည်း သယ်မရတော့ ရှိတာကိုပဲ စုပြီး စားနေရတာ။ တချို့စခန်းတွေမှာ ရှိတဲ့ဆန်ကို မျှဝေပြီး ဆန်ပြုတ် လုပ်သောက်နေရတယ်” 

ဒီးမော့ဆိုအနောက်ခြမ်းကိုလာတဲ့ လွိုင်ကော်၊ မိုးဗြဲ၊ တောင်ငူလမ်းပိုင်းတွေနဲ့ ဆောင်းပြောင်း ကျေးရွာလမ်းပိုင်းတွေကနေ ဆန်၊ ဆီ၊ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီ တပ်က ထိန်းချုပ်ထားတာပါ။

ဒီဒေသမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ ဒီးမော့ဆိုမြို့နယ်က အများဆုံးဖြစ်ပြီး နိုင်ငံတကာအဖွဲ့တွေရဲ့အကူအညီလည်း လုံးဝရတာမရှိသေးဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့  ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

အာဏာသိမ်းပြီးနောက် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယား ပြည်နယ်အတွင်းမှာ ဒုက္ခသည် သုံးသိန်း (၃၀၀,၀၀၀) ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီထဲက ဒုက္ခသည် သုံးပုံနှစ်ပုံဟာ ဒီနေ့အထိ အကူအညီအထောက်အပံ့တွေ မရကြဘဲ တောတောင်တွေထဲမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့ ကရင်နီ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။