တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီဂျွန် နေပြည်တော်ရောက်နေ

2022.12.29
တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီဂျွန် နေပြည်တော်ရောက်နေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီဂျွန် (Deng Xijun) နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။
Myanmar Military

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီဂျွန် (Deng Xijun) ဟာ ဒီဇင်ဘာလ ၂၈ ရက်၊ မနေ့က နေပြည်တော်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့အတည်ပြုပြောဆိုပါတယ်။

နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက် ဒီနေ့ထိ စစ်ကောင်စီနဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေပြီး တရုတ်အထူးကိုယ်စားလှယ် နဲ့ပါ ဆက်လက်တွေ့ဆုံဖို့ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

စစ်ကောင်စီက အပ်ပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ ဆွေးနွေးဖို့ ဖိတ်ကြားခဲ့ရာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မွန်ပြည်သစ်ပါတီနှစ်ဖွဲ့ကတော့ ဆွေးနွေးပွဲကို တက်ရောက်တာမရှိပါဘူး။

လက်ရှိမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ ကရင့်အကျိုးပြုတပ်မတော် (DKBA)၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA-PC)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အဖွဲ့ငါးဖွဲ့က ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပါတယ်။

တရုတ်အထူးကိုယ်စားလှယ်ဟာ နေပြည်တော်ခရီးစဉ်မတိုင်ခင် တရုတ်နယ်စပ်မှာ UWSA "၀" တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အထူးကိုယ်စားလှယ်နဲ့တွေ့ဆုံခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်က တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တာရှိပေမယ့် ဆွေးနွေးတဲ့အချက်အလက်တွေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

တရုတ်အထူးကိုယ်စားလှယ်နဲ့ UWSA "၀" တပ်ဖွဲ့ဦးဆောင်တဲ့ တိုင်းရင်းသားအဖွဲ့တွေ တွေ့ဆုံမှုဟာ စစ်ကောင်စီက မကြာခင်လုပ်မယ့် ရွေးကောက်ပွဲအခြေအနေနဲ့ လက်ရှိ အမေရိကန်အစိုးရက အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ NDAA နဲ့လည်း သက်ဆိုင်နိုင်တယ်လို့ တိုင်းရင်းသားအရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီက အခု နေပြည်တော်မှာ အပစ်ရပ်အဖွဲ့တွေကို တွေ့ဖို့ဖိတ်တာရယ်၊ တရုတ်အထူးကိုယ်စားလှယ်က မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့နေတာကို ဆက်စပ် ကြည့်ရင် စစ်ကောင်စီက သူလုပ်မယ့် ရွေးကောက်ပွဲအထမြောက်ဖို့ ပြင်ဆင်နေတဲ့ သဘောလို့ ပြောလို့ရနိုင်တယ်။ ပြီးတော့ တစ်ဖက်မှာ NDAA ကလည်း အတည်ပြုလိုက် တဲ့ အခြေအနေဆိုတော့ အထူးကိုယ်စားလှယ်ခရီးစဉ်က ဒါတွေနဲ့လည်း သက်ဆိုင် နိုင်တယ်လို့ ပြောလို့ရမယ်"

တရုတ်အထူးကိုယ်စားလှယ်အသစ်ဟာ အာဆီယံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခင်တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း (Sun Guoxiang) နေရာကို ဆက်ခံခဲ့သူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။