အမေရိကန်အထူးကိုယ်စားလှယ် နာရေးကူညီမှုအသင်းနဲ့ HIV ဂေဟာ သွားရောက်
2011.09.11
Mr. Mitchell နဲ့ အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်း တောင်ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ HIV-AIDS ဂေဟာကို ဒီကနေ့ နံနက် ၉ နာရီလောက်က သွားရောက်ခဲ့ပြီး လူနာတွေရဲ့ လက်ရှိ အခြေအနေတွေကို မေးမြန်းခဲ့ကြောင်းနဲ့ သူ့ရဲ့ နိုင်ငံရေးခရီးစဉ်က အမြင်တွေကို ပြောကြားခဲ့တယ်လို့ ဂေဟာ တာဝန်ခံ မဖြူဖြူသင်းက ပြောပါတယ်။
“HIV နဲ့ ပတ်သက်ပြီး အခု အခြေအနေ ဘယ်လောက်အထိ ဆိုးဝါးလာသလဲ၊ ပိုကောင်းလာသလား အဲဒါတွေမေးတယ်။ နောက် နိုင်ငံရေးကိစ္စတွေ၊ နေပြည်တော်သွားပြီး ပြန်လာတဲ့ အခြေအနေလေးတွေ ရှင်းပြတယ်။ နောက်တခုကတော့ ရှေ့အနာဂတ်မှာလည်း အခုလိုပဲ ဆက်ပြီး ပွင့်ပွင့်လင်းလင်း လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ သူ မျှော်လင့်တဲ့အကြောင်း၊ သူတို့အနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် စောင့်ကြည့်နေတဲ့အကြောင်း ပြောပါတယ်”
သူ့အနေနဲ့ မြန်မာပြည်က လက်ရှိ အခြေအနေတွေကို သိရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေပြီး မြန်မာ့အရေးကို အားလုံး ပူးပေါင်းဆောင်ရွက်မှ ရမယ်လို့ နားလည်ထားကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Mr. Derek Mitchell က လူနာတွေကို အားပေးစကား ပြောကြားခဲ့ပြီး ကလေးလူနာတွေကို ကစားစရာ ပစ္စည်းတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့လည်း မဖြူဖြူသင်းက ပြောပါတယ်။
ဒီကနေ့ မနက်မှာပဲ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းကို သွားရောက်ပြီး အသင်းရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။
“သူ မသိတာတွေ မေးတယ်။ နာရေးအသင်းဆိုတာ ဘယ်တုန်းက စပြီး ဖွဲ့ခဲ့လဲ၊ ဘယ်လိုဖွဲ့ခဲ့လဲ ဒါတွေ မေးတယ်။ နောက် နာရေးကူညီမှု အကြောင်းတွေ၊ ဆေးကုသမှုအကြောင်းတွေ၊ ပညာရေးကိစ္စတွေကို လာပြီး လေ့လာသွားပါတယ်”
Mr. Derek Mitchell ဟာ နာရေးကူညီမှုအသင်းက ပညာဒါနအဖြစ် ဖွင့်လှစ်တဲ့ အင်္ဂလိပ်စာသင်တန်းတွေကို လိုက်လံကြည့်ရှု လေ့လာခဲ့ပြီး သင်တန်းသူ ကလေးငယ်တွေကို “မင်္ဂလာပါ … တွေ့ရတာ ဝမ်းသာပါတယ်” ဆိုပြီး မြန်မာလို ပြန်လည် နှုတ်ခွန်းဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ‘သုခအလင်း’ စာကြည့်တိုက်အတွက် အင်္ဂလိပ်စာပေ စာအုပ်စာတမ်းတွေကို ထပ်ပြီး လှူဒါန်း ပို့ဆောင်ပေးဖို့လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အမေရိကန် အထူးကိုယ်စားလှယ် လာရောက်လည်ပတ်တဲ့ခရီးနဲ့ ဆွေးနွေးခဲ့တာတွေအကြောင်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူကို RFA က မခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |