လောက်ကိုင်မြို့လယ်နဲ့ ကားဝင်းအနီးက အဆောက်အအုံတွေကို MNDAA ဖယ်ရှား

RFA Burmese
2024.03.18
လောက်ကိုင်မြို့လယ်နဲ့ ကားဝင်းအနီးက အဆောက်အအုံတွေကို MNDAA ဖယ်ရှား ဖြိုဖျက်ခံရသည့် လောက်ကိုင်မြို့လယ် ဗမာတန်း (မြို့လယ်တန်း) မှ အဆောက်အအုံများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တွေ့ရစဉ်။
The Kokang

လောက်ကိုင်မြို့လယ်ရှိ ဗမာအများစုနေထိုင်ရာ ဗမာတန်း ခေါ် မြို့လယ်တန်းနဲ့ ကားဝင်းအနီးမှာရှိတဲ့ အဆောက်အအုံတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က မတ်လ ၁၇ ရက်ကစပြီး ဖြိုဖျက်နေတယ်လို့ လောက်ကိုင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဗမာတန်း တချို့ဆိုင်ခန်းတွေဆို ဆောက်ထားတာတောင် မကြာသေးဘူး။ စာပေနန်းတော် ဖုန်းဆိုင်ဆို ဆိုင်တော်တော်ကြီးတယ်။ အဖြိုခံရတဲ့အထဲ ပါသွားပြီ။ ကာဝင်းဘက်က အဆောက်အအုံတွေလည်း ဖျက်ခံရတယ်။ ဘာမှမပြောနိုင်တော့ဘူးလေနော်"

မြို့လယ်ဗမာတန်းက ဆိုင်ခန်း၊ လူနေအဆောက်အအုံ နှစ်ဆယ်ဝန်းကျင်အပြင် ကားဝင်းအနီးက အဆောက်အအုံ နှစ်ဆယ်ကျော်လည်း အဖျက်ခံရမယ့်အထဲပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီဆိုင်ခန်းတွေဟာ မြို့အင်္ဂါရပ်နဲ့ မညီတာကြောင့် ဖျက်ပေးဖို့ (MNDAA) တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စာထုတ်ပြန်ခဲ့တာဖြစ်ပြီး ပိုင်ရှင်တွေကိုလည်း လျော်ကြေးမပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြန်ကြားရေးတာဝန်ရှိသူ လီကျားဝင်းကတော့ ဗမာတန်းနေရာက ဆိုင်ခန်းတွေဟာ လမ်းနဲ့မလွတ်တာကြောင့် ဖျက်လိုက်ရတာလို့ RFA ကို ပြောပါတယ်။

"ဒေသပြန်လည်ဖွံ့ဖြိုးရေးမှာ အဓိကကျတာ လမ်းပဲ။ အခုအဲဒီနေရာက လမ်းပေါ်မှာဖြစ်နေတာ။ အဲဒီနားလေးက ကားပိတ်နေမယ်၊ ကျပ်နေမယ်။ ကျွန်တော်တို့က အဲဒီနေရာပဲ ကွက်ပြီး ဖြိုတာမဟုတ်ပါဘူး။ တခြားနေရာမှာလည်း လမ်းအလယ်မှာ အဆောက်အအုံဆောက်ထားတာရှိတယ်။ အဲဒီလို နေရာတွေမှာ စလုပ်တာပါ။ လူမျိုးရေးတွေ ဘာတွေ ဘာမှမဟုတ်ပါဘူး"

ဖျက်ပေးရမယ့် အဆောက်အအုံတွေထဲမှာ ကိုးကန့်တိုင်းရင်းသားတွေရဲ့ နေအိမ်တွေလည်းပါတယ်လို့ ဆိုပါတယ်။

အဆောက်အအုံ ဖယ်ပေးလိုက်ရသူတွေရဲ့ နစ်နာမှုအတွက် နေရာပြန်ချရေးနဲ့ ငွေထောက်ပံ့နိုင်ရေးကိစ္စကိုတော့ ဗဟိုကော်မတီမှာ ဆွေးနွေးနေဆဲဖြစ်ပြီး သူ့အနေနဲ့ တိတိကျကျမသိရသေးဘူးလို့ လီကျားဝင်းက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်၊ ချင်ရွှေဟော်၊ သိန္နီ၊ ကွမ်လုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ ကုန်းကြမ်းမြို့တွေကို (MNDAA) တပ်ဖွဲ့က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ (MNDAA) ဘက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။