ငပလီမှာ စက်သုံးဆီနဲ့ ရိက္ခာ ပြတ်လပ်လာပြီး အချို့နေရာတွေမှာ တန်းစီပြီး စျေးကြီးပေးဝယ်နေရ

RFA Burmese
ငပလီမှာ စက်သုံးဆီနဲ့ ရိက္ခာ ပြတ်လပ်လာပြီး အချို့နေရာတွေမှာ တန်းစီပြီး စျေးကြီးပေးဝယ်နေရ သံတွဲမြို့နယ်၊ ငပလီမြို့မှာ စက်သုံးဆီဝယ်ယူရန် စောင့်ဆိုင်းနေကြသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်က တွေ့ရစဉ်။
Citizen Journalist

တိုက်ပွဲကြောင့် ရခိုင်ပြည်နယ် အဝင်အထွက်လမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်လိုက်ပြီးနောက် သံတွဲမြို့နယ်ထဲက ကမ်းခြေမြို့ဖြစ်တဲ့ ငပလီမြို့မှာ စက်သုံးဆီကအစ စားနပ်ရိက္ခာအဆုံး ပြတ်လပ်ပြီး ဈေးကြီးပေးဝယ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက်မနေ့ကတော့ ဆီဆိုင်တွေကိုပြန်ဖွင့်ပြီး ရောင်းချပေးလိုက်တာကြောင့် မော်တော်ဆိုင်ကယ်နဲ့ ကားအသုံးပြုသူတွေဟာ ထောင်နဲ့ချီ စီတန်းပြီး အလုအယက် ဝယ်နေကြတယ်လို့ ဆိုပါတယ်။

ဒီလို ရောင်းချပေးရာမှာ လိုသလောက်မရဘဲ ကားကို ကျပ်တစ်သောင်းဖိုး၊ ဆိုင်ကယ်ကို ကျပ်သုံးထောင်ဖိုးသာ ရောင်းချပေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငပလီဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့ကမှ ပြန်ပြီးပေးတာ အဲဒီ ရှေ့နှစ်ရက်ကတော့ ဆီပြတ်သွားတယ်။ ဆိုင်ကယ်ဆီတွေ၊ ကားဆီတွေ ထည့်လို့ မရဘူးပေါ့။ မနေ့ကတော့ ဆီတွေ ပြန်ထည့်ပေးတယ်။ ဒါပေမဲ့ သူက ကားတစ်စီးဆိုရင် တစ်သောင်းဖိုး ထည့်ပေးတယ်။ ဆိုင်ကယ်ဆီဆိုရင် တစ်စီးကို သုံးထောင်။ အပြင်ဆိုရင်တော့ လမ်းဘေးမှာ ရောင်းတဲ့ဆိုင်တွေ ရှိတာပေါ့နော်။ တချို့တလေကျတော့ သူတို့ဆိုင်တွေဆိုရင် ရေသန့်ဘူးတစ်ဘူးကို ရှစ်ထောင် ပေးရတယ်။ ဒါပေမဲ့ လိုသလောက် မရောင်းဘူးလို့ပြောတယ်။ ညီမ မေးကြည့်လိုက်တော့ သူက နည်းနည်းပဲ ရတာပေါ့နော်။ အဲဒီလိုမျိုး ဖြစ်နေတာ။ ဧည့်သည်တွေကတော့ ထပ်လာတဲ့ ဧည့်သည်တွေ မရှိသလို ပိတ်မိနေတဲ့ ဧည့်သည်တွေလည်း မရှိတော့ဘူး။ သူတို့က ကားလမ်းဖွင့်ပြီဆိုတာနဲ့ ပြန်ကြတာပေါ့နော် အဲဒီလိုမျိုး”

ငပလီမြို့ထဲမှာ ဆီဆိုင်ကြီး လေးဆိုင်နဲ့ ဆိုင်ငယ် တစ်ဆိုင်၊ စုစုပေါင်း ငါးဆိုင် ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။

ကားလမ်းတွေကိုတော့ နိုဝင်ဘာလ ၁၆ ရက်မှာ ပြန်ဖွင့်ပေးခဲ့ပေမယ့် အိမ်စီးကားငယ်တွေပဲ ပေးသွားပြီး ခရီးသည်တင်ကားနဲ့ ကုန်တင်သည်ကားတွေကို သွားလာခွင့်တော့ ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငပလီကို အလည်အပတ် ရောက်ရှိနေတဲ့ ခရီးသည်တွေကိုလည်း တည်းခိုခဲ့တဲ့ ဟိုတယ်ထောက်ခံစာနဲ့ သေချာစိစစ်ပြီးမှ ပြန်ခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ငပလီကို ကားနဲ့ လာတာတွေ ပိတ်ထားပြီး ငပလီကနေ ပြန်အထွက်ကိုသာ ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ လေကြောင်းခရီးကိုတော့ ဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ကားလမ်းတွေ ပိတ်ပြီး နောက်တစ်ရက် နိုဝင်ဘာလ ၁၅ ရက်ကစပြီး ပင်လယ်ပြင် ထွက်ခွင့်ကိုပါ စစ်ကောင်စီဘက်က တားမြစ်လိုက်တာကြောင့် ပင်လယ် ငါးဖမ်း လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြရတဲ့ ငပလီဒေသခံတွေ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နိုဝင်ဘာလ ၁၃ ရက်ကစပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ငပလီဘက် ကားလမ်းကြောင်းတွေကို စစ်ကောင်စီဘက်က ကန့်သတ်တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။