DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းတစ်ဦး ထောင်ဒဏ်ငါးနှစ်စီ ချမှတ်ခံရ

RFA Burmese
2024.06.28
DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းတစ်ဦး ထောင်ဒဏ်ငါးနှစ်စီ ချမှတ်ခံရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် သတင်းဌာန Development Media Group ၏ ရုံးခန်းအား ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီရဲ့ စစ်တွေမြို့နယ်တရားရုံးက ဇွန်လ ၂၈ ရက်နေ့က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်တယ်လို့ DMG သတင်းဌာနက ထုတ်ပြန်လိုပါတယ်။

သူတို့နှစ်ဦးဟာ ဖမ်းဆီးခံရပြီးနောက် ရှစ်လအကြာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တွေ အမှတ် (၁) ရဲစခန်း ရဲအုပ် ဗိုလ်ဗိုလ်ကျော်က တရားလိုလုပ် အမှုဖွင့်ထားတဲ့ အမှုတွဲမှာ သူတို့နှစ်ဦးအပြင် DMG ဝန်ထမ်း ၁၈ ဦးလည်း ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ခံထားပြီး တရားခံပြေးတွေအဖြစ် သတ်မှတ်ခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အခုလို DMG ဝန်ထမ်းနှစ်ဦးကို မတရား ထောင်ဒဏ်ချမှတ်လိုက်တဲ့ပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ငံတစ်ဝန်းမှာ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံး လွှတ်ပေးဖို့အတွက် နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက စစ်ကောင်စီကို ဖိအားပေးတိုက်တွန်းဖို့လည်း တောင်းဆိုထားပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

DMG သတင်းထောက် ကိုထက်အောင်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ သီတင်းကျွတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို သတင်းဓာတ်ပုံ ရိုက်ကူးနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီနေ့မှာပဲ DMG ရုံးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်ကို ဖမ်းဆီးခဲ့သလို ပစ္စည်းအားလုံး သိမ်းဆည်းခံရပြီး ရုံးလည်း ချိပ်ပိတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။