ရခိုင် သတင်းထောက် ကိုထက်အောင်ကို ပြန်လွှတ်ပေးဖို့ CPJ တောင်းဆို

RFA Burmese
2024.07.03
ရခိုင် သတင်းထောက် ကိုထက်အောင်ကို ပြန်လွှတ်ပေးဖို့ CPJ တောင်းဆို စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် သတင်းသွားယူနေချိန် ဖမ်းဆီးခံလိုက်ရသည့် DMG သတင်းထောက် ကိုထက်အောင်အား တွေ့ရစဉ်။
Htet Aung/Facebook Photo

ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာန သတင်းထောက် ကိုထက်အောင်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဇူလိုင် ၂ ရက်နေ့မှာ တောင်းဆိုပါတယ်။

DMG သတင်းထောက် ကိုထက်အောင်ကို အကြမ်းဖက်မှုပုဒ်မတွေ ထောင်ချတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိပါးတဲ့အတွက် လက်မခံနိုင်စရာဖြစ်ပြီး ချက်ချင်းပြန်လည်ပြင်ဆင်သင့်တယ်လို့ CPJ ရဲ့ အရှေ့တောင်အာရှ အကြီးတန်းကိုယ်စားလှယ် ရွှန် ခရစ္စပင်က ထုန်ပြန်ချက်ကတဆင့် ပြောပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ သတင်းရေးသားတဲ့အလုပ်ကိုသာ လုပ်ကိုင်တဲ့ သတင်းထောက်တွေကို အနှောင့်အယှက်ပေးတာ၊ ထောင်ချတာတွေကို ရပ်တန့်ရမယ်လို့လည်း သူက ဆိုပါတယ်။

ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်တွေမြို့နယ် တရားရုံးကနေ ဇွန်လ ၂၈ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီ အမိန့်ချမှတ်ခဲ့တာပါ။

သူတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၅ နဲ့ အမှုဖွင့်ထားခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၂ (က) နဲ့ ပြောင်းလဲအမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းတို့ကို စစ်ကောင်စီက အခုလို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံတကာ မြန်မာ့သတင်း (BNI) ကလည်း ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်တဲ့ သတင်းထောက် ကိုဖိုးသီဟကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားစဉ် အခုနှစ် ဇန်နဝါရီလထဲမှာ သတ်ဖြတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တတိယမြောက် အဆိုးဝါးဆုံးနိုင်ငံလို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဖော်ပြထားပြီး သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး တိုင်းပြည်တစ်ခုလည်း ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။