DMG သတင်းထောက်အပါအဝင် ဖမ်းဆီးခံသတင်းသမားတွေ လွတ်မြောက်ဖို့ RSF တောင်းဆို
2024.07.05
ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့အပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံး လွတ်မြောက်ရေး စစ်ကောင်စီကို ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ဇူလိုင် ၅ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
DMG သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အကြမ်းဖက်လုပ်ငန်းတွေမှာ ပံ့ပိုးကူညီတယ်ဆိုတဲ့ မဟုတ်မမှန်စွပ်စွဲချက်တွေနဲ့ မတရားတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် ရှုတ်ချတယ်လို့လည်း RSF က ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်ကောင်စီက သတင်းဌာနတွေအပေါ်ဖိနှိပ်မှုတွေ ရပ်တန့်အောင် ပိုပြီးဖိအားပေးဖို့လည်း RSF က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ စစ်တွေမြို့နယ် တရားရုံးက ဇွန် ၂၈ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ နဲ့ ကနဦး အမှုဖွင့်ခံခဲ့ရပေမဲ့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ပြောင်းလဲအမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။
သူတို့ဟာ စစ်ကောင်စီရဲ့ မတရားတဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ သတင်းဌာနအတွက် အလုပ်လုပ်ခဲ့တာသာ ဖြစ်တယ်လို့ RSF က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီနှစ်စပိုင်းကစပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်ပုဒ်မတွေနဲ့ သတင်းသမားတွေ ပြစ်ဒဏ်ချခံရတာ များလာတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ မေလမှာ The People’s Voice သတင်းဌာနက သတင်းထောက် ကိုသူရအောင် မေလမှာ ထောင်သုံးနှစ်ချမှတ်ခံရပြီး မတ်လမှာတော့ DVB သတင်းထောက် ကိုရန်နိုင်စိုး ထောင်ဒဏ် လေးနှစ်ချမှတ်ခံခဲ့ရပါတယ်။
သတင်းထောက်နဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ရှင်ဒေဝီကိုလည်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
RSF ရဲ့ ဒီနှစ်အတွက် ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့်အဆိုးဝါးဆုံးနိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်ပြီး နိုင်ငံပေါင်း ၁၈ဝ ထဲက အဆင့် ၁၇၁ နဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေ အဆိုးဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။
RSF စာရင်းအရ စစ်တပ်အာဏာသိမ်းကာလအတွင်း သတင်းသမား ၆၃ ယောက် ဖမ်းဆီးခံထားရပြီး ငါးယောက်က သတ်ဖြတ်ခံခဲ့ရပါတယ်။