မွန်လွှတ်တော်ဒုဥက္ကဌ ပါတီကနေ နှုတ်ထွက်
2017.07.25
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ပါတီကနေ နှုတ်ထွက်ခွင့်တင်ထားတဲ့ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကို ပါတီက နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။
သ့ူသဘောဆန္ဒအရ ပါတီက ထွက်ခွာခွင့်ပေးလိုက်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက် အတွင်းရေးမှူး နိုင်စံတင်က ပြောပါတယ်။
"ဟုတ်ပါတယ်၊ နှုတ်ထွက်ခွင့်ပေးလိုက်ပါတယ်၊ သူရဲ့ဆန္ဒအရနှုတ်ထွက်တာပဲ၊ ကျနော်တို့ဘာပြောစရာရှိလဲ၊ သူ့ဆန္ဒအရပဲလေ"
မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးဟာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကနေ နှုတ်ထွင်ခွင့်ပြုဖို့ ဇွန်လ ၃၀ရက်နေ့က စာတင်ထားတာဖြစ်တယ်လို့သိရပါတယ်။
ဒေါက်တာ အောင်နိုင်ဦးဟာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ ချောင်းဆုံမြို့နယ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က မော်လမြိုင်မြို့၊ ဓာတုမာလ ပရိယတ္တိစာသင်တိုက်မှာပြုလုပ်တဲ့ (၄) ကြိမ်မြောက် မွန်အမျိုးသား စည်းလုံးညီညွတ်ရေး အကျိုးဆောင်အဖွဲ့ရဲ့တိုးချဲ့အစည်းအဝေးမှာ ဒေါက်တာအောင်နိုင်ဦးက မွန်နိုင်ငံရေးပါတီပေါင်းစည်းရေးကို လိုလားတာကြောင့် ပါတီကနေ နှုတ်ထွက်ကြောင်း တရားဝင်ပြောကြားခဲ့ တယ်လို့ သိရပါတယ်။
ဒေါက်တာ အောင်နိုင်ဦးဟာ ၂၀၁၀ နဲ့၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကနေ နှစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရာ နှစ်ကြိမ်တိုင် ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်မှာ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။