ဒေါက်တာခလမ်ဆမ်ဆွန် မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ အမှုဖွင့်ခံရ
2022.12.29
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းအက်ဥပဒေ ပုဒ်မ-၁၇ (၁)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ ဒီဇင်ဘာ ၂၈ ရက် မနေ့က မြစ်ကြီးနားမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြစ်ကြီးနားမြို့က ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က မြစ်ကြီးနားမြို့မရဲစခန်းကို မနေ့က နေ့လယ်ပိုင်းမှာ လာရောက်အမှုဖွင့်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဟုတ်ပါတယ် အတည်ပြုပါတယ်။ မနေ့က အမှုဖွင့်လိုက်တာ။ မတရားအသင်း ဆက်သွယ်မှု ပုဒ်မရယ်၊ အကြမ်းဖက်ရယ်နဲ့ပါ။ (ပ) ၂၀၀/၂၀၂၂ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ပါ"
ဒေါက်တာခလမ်ဆမ်ဆွန်ကို လိုင်ဇာမြို့မှာ ပြုလုပ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ အစည်းဝေးတစ်ခုကို တက်ရောက်ခဲ့တာကြောင့် မတရားအသင်း အက်ဥပဒေနဲ့ တရားစွဲခဲ့တာဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ဘယ်ပုဒ်မနဲ့ တရားစွဲဆိုမယ် ဆိုတာကိုတော့ အတိကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၄ ရက်နေ့က ထိုင်းနိုင်ငံကို ဆေးကုသဖို့ သွားတဲ့အချိန် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့ပြီးနောက် မိသားစုနဲ့ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ တွေ့ခွင့်ရဖို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က စာတင်ထားပေမယ့်လည်း ဒီနေ့အထိ ထူးခြားမှုမရှိဘူးလို့ အမည်မဖော်လိုတဲ့ KBC က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"၁၅ ရက်နေ့ကတော့ ဆရာနဲ့ တွေ့ခွင့်ရဖို့၊ စကားနည်းနည်း ပြောခွင့်ရဖို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စာတစ်စောင်ပို့ပြီး တောင်းဆိုထားပါတယ်။ အခုထိတော့ ဘာမှထူးထူးခြားခြား ပြန်လာတာ မရှိသေးပါဘူး"
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှာ အတွင်းရေးမှူးတာဝန်နဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သလို လက်ရှိအချိန်ထိ KBC အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်နေပြီး ကချင်လူထုကြားမှာ လူသိများထင်ရှားတဲ့ ဘာသာရေးဆရာတစ်ဦးဖြစ်ပါတယ်။
ဒါ့အပြင် ကချင်စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး လုပ်ငန်းတွေမှာလည်း အဓိက ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်ပါတတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လွတ်ပေးဖို့ KBC အပါဝင်၊ American Baptist Churches USA၊ World Kachin Congress နဲ့ အခြားကချင်အရပ်ဘက်အဖွဲ့စည်းတွေကလည်း ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။