ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လွတ်မြောက်မှု အမေရိကန်အစိုးရ ကြိုဆို
2024.07.24
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာတာကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီအနေနဲ့ ဘာသာရေခေါင်းဆောင်တွေ၊ ဘာသာရေးအသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာရေးအဆောက်အအုံနေရာတွေကို အကြမ်းဖက်တာ၊ ဖိနှိပ်တာတွေရပ်တန့်ဖို့ ထပ်မံတောင်းဆိုတယ်လို့ ပြောပါတယ်။
ဒီ့အပြင် စစ်ကောင်စီဟာ အရပ်ဘက်အဖွဲ့အစည်းက လူတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံထားရတဲ့ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချတာတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
ဒါကြောင့် လူသားချင်းစာနာမှုအကူအညီတွေ အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီတပ်က စတင် ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် မတရားသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇ (၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) အမှုသုံးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ပါတယ်။
ထောင်ဒဏ် ချမှတ်ခံရပြီးနောက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် သုံးလအကျော်မှာ အခုလို လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။