နေပြည်တော်မှာ ယာဉ်မတော်တဆမှုကြောင့် ဒေါက်တာ ထားထားလင်း ထိခိုက်ဒဏ်ရာရ

2022.08.08
Share on WhatsApp
Share on WhatsApp
နေပြည်တော်မှာ ယာဉ်မတော်တဆမှုကြောင့် ဒေါက်တာ ထားထားလင်း ထိခိုက်ဒဏ်ရာရ NLD အစိုးရလက်ထက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းအား ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်
ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန

နေပြည်တော်မှာ အိမ်စီးကားနဲ့ ရဲကား တိုက်မိခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် ရဲကားပေါ် မှာပါလာတဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခြင်း ခံထားရသူ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူနဲ့ နီးစပ်သူတွေ က RFA ကို ပြောပါတယ်။

သြဂုတ်လ ၄ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းပေါ်က စည်ပင်မီးပွိုင့်မှာ အရပ်သားကားနဲ့ ရဲကားတို့ တိုက်မိချိန် ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေါက်တာ ထားထားလင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဟိုတစ်နေ့ကဖြစ်တဲ့ နေပြည်တော်က အက်ဆီးဒင့်မှာ သူ ထိခိုက်တယ်ဆိုတာ သိရ တယ်။ ဘယ်လိုဒဏ်ရာရတယ်၊ ဘယ်ဆေးရုံမှာ ဆေးကုနေတယ်ဆိုတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူးခင်ဗျ”

ဒေါက်တာ ထားထားလင်းဟာ ပခုံးရိုးထိခိုက်ပြီး ခွဲစိတ်ကုသမှု ခံယူနေရတယ်ဆိုတဲ့ သတင်း တွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒေါက်တာ ထားထားလင်းဟာ စစ်တပ်က အာဏာသိမ်းပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာ ဖမ်းဆီးခံရတာပါ။

အဲဒီနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာတော့ မန္တလေးတိုင်း တရားလွှတ်တော်ကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပါတယ်။

ဒေါက်တာ ထားထားလင်းဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ Global Alliance for Vaccines and Immunization-Health System Strengthening လုပ်ငန်းမှာ စီမံချက် မန်နေဂျာအဖြစ် ဆောင်ရွက်ချိန် စစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက် ခြင်းမရှိလို့ ဘဏ္ဍာငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်း နစ်နာဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီ ဘက်က စွပ်စွဲခဲ့ပါတယ်။

ကိုဗစ် ထိန်းချုပ်နိုင်ရေး စီမံချက်အရာရှိအဖြစ် ဆောင်ရွက်နေချိန် အာဏာသိမ်းလိုက်တဲ့ အတွက် ကျန်းမာရေး ဝန်ကြီးဌာနက ရရှိထားတဲ့ ရန်ပုံငွေတွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းနှစ်ခုထံ အကုန်ပြန်အပ်ခဲ့တာကြောင့် အခုလို စွပ်စွဲခံခဲ့ရတာပါ။

လက်ရှိမှာ ဒေါက်တာ ထားထားလင်းကို နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားတာဖြစ်ပြီး ရဲကားနဲ့ အပြင်ကို ခေါ်ဆောင်လာတာကြောင့် နောက်ထပ် ထပ်တိုးအမှု တွေနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်နိုင်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။