ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ရဲ့ အထူးအယူခံအမှုတွေ ပယ်ချခံရ
2023.08.31

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ အဂတိအမှု ငါးမှုအတွက် အထူးအယူခံတင်ပြထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ဩဂုတ်လ ၃၀ ရက်မှာ ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော်က မြို့နယ်တချို့မှာ အထူးမြေကွက်တွေ ဖော်ထုတ်တာ၊ မြေကွက်တချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ရောင်းချတာ စတဲ့ ကိစ္စရပ်တွေနဲ့ စွပ်စွဲပြီး ဒေါက်တာမျိုးအောင် ကို စစ်ကောင်စီက အဂတိအမှု ငါးမှုနဲ့ တရားစွဲခဲ့တာပါ။
အဲဒီ အဂတိအမှု ငါးမှုထဲက နှစ်မှုမှာ ဦးရဲမင်းဦးက ပူးတွဲ စွဲဆိုခံရတာ ဖြစ်ပါတယ်။
အမှု ငါးမှုအတွက် တစ်မှုကို ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့ပေမယ့် တစ်ပေါင်းတည်း ကျခံစေတာကြောင့် သူတို့နှစ်ဦးကို ထောင်သုံးနှစ်စီ ချမှတ်ထားပြီး အဲဒီအမိန့်ကို ရှေ့နေ အဖွဲ့က အောက်ရုံးတွေကနေ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထိ အယူခံအဆင့်ဆင့် တက်ခဲ့တာပါ။
ဒါပေမဲ့ ဒီအမှုတွေက အထူးအယူခံအဆင့်ထိ ဆက်လက်ပယ်ချခံနေရတာဖြစ်ပြီး ဒေါက်တာ မျိုးအောင်နဲ့ ဦးရဲမင်းဦးရဲ့ ရှေ့နေအဖွဲ့ကတော့ တရားဥပဒေကြောင်းအရ ရနိုင်သမျှ နည်းလမ်းတွေအတိုင်း ဆက်လက်လုပ်ဆောင်ဖို့ ရှိနေတယ်လို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူ တွေက ပြောပါတယ်။
ဒေါက်တာ မျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံရသူတွေဖြစ်ပြီး စစ်ကောင်စီ ဘက်က စွပ်စွဲတဲ့ အမှုမျိုးစုံနဲ့ တစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ ကျော်စီ ချမှတ်ခံထားရတာ လည်း ဖြစ်ပါတယ်။
ဒေါက်တာ မျိုးအောင်ဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) တစ်ဦး ဖြစ်သလို NLD အစိုးရလက်ထက်မှာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဦးရဲမင်းဦးကတော့ NLD အစိုးရလက်ထက်မှာ နေပြည်တော် ဒုတိယ မြို့တော်ဝန်၊ စည်ပင် သာယာရေး ကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ စတဲ့ တာဝန်တွေကို ယူခဲ့သူတစ်ဦး ဖြစ်ပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ အစိုးရဝန်ထမ်းတွေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရတာ လက်ရှိအချိန်ထိ ၇ဝ နီးပါးအထိ ရှိနေပါတယ်။