လုံခြုံရေးတင်းကျပ်တဲ့ မန္တလေးမြို့လယ်မှာ ဒေါက်တာတေဇာစန်းတို့အဖွဲ့ ဆန္ဒပြ

RFA Burmese
2024.10.26
လုံခြုံရေးတင်းကျပ်တဲ့ မန္တလေးမြို့လယ်မှာ ဒေါက်တာတေဇာစန်းတို့အဖွဲ့ ဆန္ဒပြ မန္တလေးမြို့လယ်တွင် “ဂန္ထဝင်မြို့ကြီးက တော်လှန်တိုက်ပွဲများ” ခေါင်းစဉ်နှင့် ဒေါက်တာ တေဇာစန်း ဆန္ဒပြနေစဉ်။
Tayzar San/Facebook

စစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမြို့လယ်မှာ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်း ဦးဆောင်ပြီး “ဂန္ထဝင်မြို့ကြီးက တော်လှန်တိုက်ပွဲများ” ခေါင်းစဉ်နဲ့ ဆန္ဒပြခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ သူ့ရဲ့ လူမှုကွန်ရက်မှာ အောက်တိုဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒေါက်တာတေဇာစန်းက မဖြစ်မနေ လွတ်မြောက်မှ ရမယ်လို့ ဆုံးဖြတ်ထားတဲ့ လူထုရဲ့ တော်လှန်စိတ်ကို ဘယ်အရာကမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့လည်း သူ့ရဲ့ဖေ့ဘွတ်စ်မှာ ရေးသားထားပါတယ်။

"ကျွန်တော်တို့ ပြည်သူတွေ၊ ကျွန်တော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့ တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ “ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်” လို့ စိတ်နှလုံး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ လူထုရဲ့ တော်လှန်စိတ်ကို ဘယ်အရာ၊ ဘယ်အကြောက်တရားကမှ ဟန့်တားနိုင်တော့မှာ မဟုတ်ပါဘူး"

လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပုံစံမျိုးစုံနဲ့ တက်တက်ကြွကြွ ပါဝင်နေကြတယ်လို့ လူထုလှုပ်ရှားမှု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ တေဇာစန်းက RFA ကိုပြောပါတယ်။

"မန္တလေးမှာ ကျွန်တော်ကိုယ်တိုင်ပါဝင်လှုပ်ရှားမှုတွေမှာဆိုရင်လည်း ပြည်သူလူထုရဲ့ တက်ကြွတဲ့ တော်လှန်စိတ်၊ တော်လှန်သွေး၊ တော်လှန်မာန်တွေကဖြင့် တကယ်အံဩဖွယ်ကောင်းလောက်အောင်အထိ ထက်သန်ပြင်းပြနေတယ်ဆိုတာလည်း ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကတော့ သေချာတယ် အာဏာရှင်စနစ်ကို မကြိုက်ဘူး၊ အခု ပြည်သူတွေရဲ့ ဖြစ်နေတဲ့ နေ့စဉ်ဘဝ အထွေထွေကုန်စျေးနှုန်း ကြီးမြင့်မှုတွေ၊ လူမှုဘဝမတည်ငြိမ်မှုတွေ၊ အတင်းအဓမ္မစစ်သားကောက်ခံတဲ့ကိစ္စတွေ စတဲ့ ဒါတွေအားလုံးကို ပြည်သူတွေက မကြိုက်ဘူး၊ ဒါကြောင့် ပြည်သူလူထုအနေနဲ့က သေချာတယ် အခြေအနေပေးရင် ပေးသလို အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာတော့ ပုံစံမျိုးစုံနဲ့ ပါဝင်နေကြမယ် ဖော်ဆောင်နေကြမယ်ဆိုတာ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်"

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုတွေကို အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပြီလို့လည်း ဆိုပါတယ်။

“ဘူး” သပိတ်ဟာ စစ်ကောင်စီကို ပြည်သူတွေက လက်မခံဘူး၊ မပူးပေါင်းဘူး၊ မနာခံဘူး၊ အခွန်အခ မပေးဘူး၊ စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး” ၊ မရောင်း “ဘူး”၊ စစ်တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲကို လက်မခံ “ဘူး” ဆိုတာနဲ့ မဲ ထွက်မပေး “ဘူး” စတာတွေကိုလည်း လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဒီလှုပ်ရှားမှုကို မန္တလေးမြို့မှာ ဘယ်နေ့က ဘယ်နေရာမှာ လှုပ်ရှားခဲ့တယ်ဆိုတာတော့ ထည့်သွင်းဖော်ပြတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့က မန္တလေးမြို့ လူစည်ကားရာ စျေးမှာ "ငုံ့မခံနဲ့ တုံ့ပြန်ကြ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

(မှတ်ချက်။ ။ ဒေါက်တာတေဇာစန်း မှတ်ချက်ကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။