မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ထောင်နှစ်နှစ်ထပ်ချခံရ
2023.02.03

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက် မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာရဲလွင်ကို ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၄၀၉ နဲ့ စစ်ကောင်စီရဲ့ အိုးဘိုအကျဉ်းထောင် တရားရုံးက ဖေဖော်ဝါရီလ ၃ ရက် ဒီနေ့မှာ ထောင်နှစ်နှစ် ချလိုက်တယ်လို့ မန္တလေးမြို့ခံတွေက RFA ကိုပြောပါတယ်။
မြို့တော်ဝန် ဒေါက်တာရဲလွင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အများပြည်သူ အကျိုးကိုပျက်စီးစေမှု ရာဇသတ်ကြီးဥပ ဒေပုဒ်မ - ၅၀၅(ခ) နဲ့ထောင်နှစ်နှစ်ချခံထားရပြီး လွတ်ခါနီးမှာ နောက်ထပ်အမှုတစ်ခုနဲ့ တရားစွဲဆို ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိုးဘိုအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
“အခု အမိန့်ချလိုက်တဲ့အမှုက အရင်အမှုတစ်ခုမှာထောင်နှစ်နှစ်ချခံရပြီး လွတ်ခါနီးမှ ထပ်တိုးပုဒ်မနဲ့ တရားစွဲခံရ တာ။ ငွေကျပ်သိန်း တစ်ရာအောက် လုပ်ငန်းတွေဆိုရင် မြို့တော်ဝန်ရဲ့ ဆုံးဖြတ်နဲ့ပေးလို့ရတယ်။ မန္တလေးမြို့တော် စည်ပင်အောက်က လုပ်ငန်းတစ်ခုမှာ သူကအဲဒါကို ခွင့်ပြုပေးလိုက်တာမှာ တင်ဒါမခေါ်လို့ဆိုပြီး ထပ်စွဲထားတဲ့ အမှု။ ဒါကမြို့တော်ဝန်ရဲ့ စီမံခန့်ခွဲခွင့်အောက်မှာ လုပ်လို့ရတဲ့ ကိစ္စကို အမှုထပ်တပ်တာ”
ဒီနေ့ အမိန့်ချခံရတဲ့ ထပ်တိုးအမှုဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထဲမှာစွဲဆိုခံခဲ့ရတာပါ။ အခုအမှုနဲ့ဆိုရင် မြို့တော်ဝန် ဒေါက်တာရဲလွင်ဟာ စုစုပေါင်းထောင်ဒဏ် လေးနှစ် ရှိလာပြီဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးတွေ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပေမယ့် ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဦးမြတ်သူ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်တို့ကတော့ ထိန်းသိမ်း ခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဒါပေမဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းနဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ကို စစ်ကောင်စီကဖမ်းဆီး ထောင်ချထားပါတယ်။