ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းကပ်ပွဲ ကျင်းပ

RFA Burmese
2024.11.18
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းကပ်ပွဲ ကျင်းပ ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း တစ်လပြည့်ဆွမ်းကပ်ပွဲ အခမ်းအနား မြင်ကွင်းတစ်ခု။
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခြင်း တစ်လပြည့်ဆွမ်းကပ်ကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ မိသားစုက နိုဝင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီဆွမ်းကပ်အခမ်းအနားကို ဒေါက်တာဇော်မြင့်မောင်ရဲ့ မိသားစုတွေ၊ နိုင်ငံရေးအသိုင်းအဝိုင်းကသူတွေ၊ ကဗျာဆရာ၊ စာရေးဆရာတွေအပါအဝင် ဒေါက်တာဇော်မြင့်မောင်ကို ချစ်ခင်လေးစားတဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေ တက်ရောက်ခဲ့ပါတယ်။

၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း တစ်လပြည့်ဆွမ်းကပ်ပွဲ အခမ်းအနား မြင်ကွင်းတစ်ခု။ (Photo: RFA)
၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း တစ်လပြည့်ဆွမ်းကပ်ပွဲ အခမ်းအနား မြင်ကွင်းတစ်ခု။ (Photo: RFA)

ဒေါက်တာဇော်မြင့်မောင်ဟာ မိသားစုအရေး ခံစားချက်တွေကိုမျိုသိပ်ပြီး တိုင်းပြည်ကောင်းမွန်ဖို့အရေးကို ဦးစားပေးဆောင်ရွက်ခဲ့တာတွေကို မိသားစုအနေနဲ့နားလည်ကြောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့သား ဒေါက်တာဥာဏ်ဝေဖြိုးက တစ်လပြည့် ဆွမ်းကျွေးအခမ်းအနားမှာ ပြောပါတယ်။

"အဖေက သူ့ခံစားချက်တွေကို မျိုသိပ်တယ်၊ ကျွန်တော်တို့ကလည်း သူ့ကိုနားလည်ပါတယ်။ သူတိုင်းပြည်အတွက် ကောင်းစေချင်တဲ့ ဆန္ဒပဲရှိတယ်။ ကျွန်တော်တို့လည်း အတူတူပါပဲ။ ကျွန်တော်တို့တိုင်းပြည် ကောင်းမွန်ပြီးတော့ စစ်မှန်ငြိမ်းချမ်းပြီးတော့ ကိုယ့်အစွမ်းရှိရင် အစွမ်းရှိလောက် လုပ်နိုင်တဲ့ တိုင်းပြည်မျိုးဖြစ်စေချင်ပါတယ်"

အခမ်းအနားကို တက်ရောက်လာတဲ့ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသောင်းထွန်းကတော့ ဒေါက်တာဇော်မြင့်မောင်ထံကနေ နိုင်ငံရေးအကျင့်သီလသုံးပါးကို အတုယူခဲ့ရတယ်လို့ ပြောပါတယ်။

"ဆရာဇော်ဆီက ကျွန်တော်တို့ဘာတွေ အတုယူဖို့ရလဲဆိုတော့ နိုင်ငံရေးအကျင့်သီလ သုံးပါးရှိပါတယ်။ အဲဒါကတော့ မိမိရဲဘော်ရဲဘက်တွေ အပေါ်မှာ သစ္စာမဖောက်ခြင်း၊ မိမိအဖွဲ့အစည်းပေါ်မှာ သစ္စာမဖောက်ခြင်း၊ မိမိယုံကြည်ချက်အပေါ်မှာ သစ္စာမဖောက်ခြင်းဆိုတဲ့ ဒီအကျင့်သီလသုံးပါးကို ဆရာဇော်မြင့်မောင်က ခိုင်ခိုင်မြဲမြဲနဲ့ ကိုင်စွဲခဲ့တယ်၊ သူအသက်သေဆုံးသည်အထိ ရန်သူနဲ့ အပေးအယူလုပ်ပြီး ထောင်ကနေထွက်လာဖို့အတွက် အဲဒီနည်းလမ်းကို သူမရွေးချယ်ခဲ့ဘူးပေါ့နော်။ ယုံကြည်ချက်ကြောင့် သူက အသက်သေဆုံးတဲ့အထိ ထောင်ထဲမှာပဲ ကြံ့ကြံ့ခံရပ်တည်ပြီး နေထိုင်သွားခဲ့တယ်"

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒေါက်တာဇော်မြင့်မောင် လွှဲပြောင်းပေးခဲ့တဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဆရာဒေါက်တာဇော်မြင့်မောင်ကို အမြဲအမှတ်ရနေမယ်၊ ဆရာဇော်မြင့်မောင် လွှဲပြောင်းပေးခဲ့တဲ့ တာဝန်တွေကို ပြည်သူတစ်ယောက်အနေနဲ့ ဆက်လက်တာဝန်ထမ်းဆောင်သွားပါမယ်၊ တော်လှန်ရေးအောင်တဲ့အထိ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ပြည်သူတွေ တည်ငြိမ်အေးချမ်းတဲ့ အနာဂတ်ရတဲ့အထိပေါ့နော် ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်"

၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးပြီး စစ်ကောင်စီက အမှုပေါင်းများစွာနဲ့ စွပ်စွဲကာ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုထောင်မှာ အကျဉ်းချခံခဲ့ရပြီး လုံလောက်တဲ့ ဆေးဝါးကုသမှုမရခဲ့ဘဲ‌ အောက်တိုဘာ ၇ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှု ဆုံးရှုံးမှုကြီးမားကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းပြော

ါက်တာဇော်မြင့်မောင်ဈာပန လူထောင်နဲ့ချီ လိုက်ပါပို့ဆောင်

ဒေါက်တာဇော်မြင့်မောင် ရက်လည်ဆွမ်းကျွေးပွဲ မဲဆောက်မှာ ကျင်းပ


တစ်လပြည့်ဆွမ်းကျွေးအလှူကို တက်ရောက်လာတဲ့ ကဗျာဆရာ စောဝေက ‌ဒေါက်တာဇော်မြင့်မောင်ကို နှမြောသတိရမိတဲ့အတွက် လလည်ဆွမ်းကျွေးကို အရောက်လာခဲ့တာလို့ ပြောပါတယ်။

"ဒေါက်တာဇော်မြင့်မောင်၊ ညီပုလေး၊ စောဝေဆိုတာ အလှည့်ကျထောင်ကျနေသလို ဖြစ်ရတဲ့အတွက် အထူးသဖြင့်ပေါ့နော် သူက (‌ဒေါက်တာဇော်မြင့်မောင်) မယုလိုခေါ်တယ်၊ ကျွန်တော်တို့က ဒေါ်ယုနဲ့ အမြဲဆက်သွယ်နေရတာပေါ့၊ အခုလို လပြည့်လုပ်တဲ့အခါ ကျွန်တော်ဘယ်လိုမှ မနေနိုင်ဘူးပေါ့နော်၊ နှမျောတဲ့စိတ်ရော သတိရတဲ့စိတ်ရောနဲ့ ရောက်အောင်သွားမယ်ဆိုပြီးတော့ ကျွန်တော် ဘတ်ဖလိုးကနေ ရောက်အောင်လာတာပါ၊ ကဗျာဆရာဆိုတော့ သူ့အတွက်က ကဗျာလေး သုံးကြောင်းထွက်လာပါတယ်၊ သေမင်းက အကောင်းကြိုက်လွန်းတော့ အလွမ်းကို ရွက်ကုန်ဖွင့်ထားကြရတယ် ဒေါက်ဇော်ရေ၊ စော‌ဝေပါ"

ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်သွားတာဟာ နိုင်ငံအတွက် ဆုံးရှုံးမှုကြီးမားကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကသူတွေက မှတ်ချက်ပြုထားကြသလို နိုင်ငံတကာသံရုံးတွေကလည်း ဒေါက်တာ ဇော်မြင့်မောင်ကွယ်လွန်မှုကို ဝမ်းနည်းကြောင်းနဲ့ အနစ်နာခံ နိုင်ငံရေးဖြတ်သန်းမှုကို ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။