ဒေါက်တာ ဇော်မြင့်မောင် လုံလောက်တဲ့ဆေးကုသခွင့် မရခဲ့ကြောင်း NUG နဲ့ EU ပြော
2024.10.07
ဒီနေ့မှာ ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ဟာ လုံလောက်တဲ့ ဆေးကုသခွင့်ကိုမရခဲ့ဘဲ အကျဉ်းစံဘ၀မှာ ပြင်းထန်တဲ့ နာမကျန်းဖြစ်မှုနဲ့ ရုန်းကန်ခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ထုတ်ပြန်ပြောဆိုပါတယ်။
ဒေါက်တာ ဇော်မြင့်မောင်ဟာ အကျဉ်းစံဘ၀မှာ လူမဆန်၊ အဆင့်နိမ့်စွာနဲ့ နေခဲ့ရတဲ့အပြင် သူမကွယ်လွန်မီ နာရီပိုင်းအလိုမှာမှ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တာဟာလည်း စစ်မှန်တဲ့ သနားကြင်နာမှု မဟုတ်ဘူးလို့ ဥရောပသမဂ္ဂသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကင်ဆာရောဂါ ခံစားနေရမှန်း စစ်ကောင်စီက သိလျက်နဲ့ ရောဂါအခြေအနေတွေနဲ့ ကိုက်ညီတဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွ မပေးခဲ့တာကြောင့် ထောင်တွင်းမှာ ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်ခဲ့ရတာလို့လည်း NUG က ပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်ခင် မန္တလေးဆေးရုံ အထူးကြပ်မတ်ဆောင် (ICU) မှာ သတိလစ်မေ့မြောနေချိန်မှာ "လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်" ဆိုတဲ့စာကို ဆေးရုံမှာ လာဖတ်ပြသွားတယ်လို့ ကြားသိရကြောင်း RFA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အခုပြောဆိုမှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ လေးခုဆက် NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။
၁၉၉ဝ ပြည့်နှစ်မှာ တစ်ကြိမ် ဖမ်းဆီးခံခဲ့ရစဉ်က ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ၂ဝဝ၉ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာတော့ နောက်တစ်ကြိမ် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရတာပါ။
NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာလည်း စစ်ကောင်စီက အင်းစိန်ထောင်မှာ ဖမ်းဆီးထားစဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဥရောပသမဂ္ဂကတော့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်ကြောင်းနဲ့ မတရားဖမ်းဆီးခံရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။