ဒေါက်တာဇော်မြင့်မောင်ကို ဂုဏ်ပြုကြောင်း သံရုံးတွေထုတ်ပြန်

RFA Burmese
2024.10.07
ဒေါက်တာဇော်မြင့်မောင်ကို ဂုဏ်ပြုကြောင်း သံရုံးတွေထုတ်ပြန် ၂ဝ၂ဝ ပြည့်နှစ်အတွင်းက ကျင်းပသည့် အခမ်းအနားတစ်ခုတက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်။
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ သူ့ရဲ့ အနစ်နာခံ နိုင်ငံရေးဖြတ်သန်းမှုအတွက် ဂုဏ်ပြုကြောင်း ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ နယ်သာလန်၊ ပြင်သစ်နဲ့ ကနေဒါ စတဲ့သံရုံးတွေက ထုတ်ပြန်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လမ်းညွှန်ပေးခဲ့သူ၊ လူ့အခွင့်အရေးကို အလေးအနက်ထား ခုခံကာကွယ်ခဲ့သူလို့ ဥရောပသမဂ္ဂနဲ့ ပြင်သစ်သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဂုဏ်ပြုဖော်ပြထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ လုံလောက်တဲ့ဆေးကုသခွင့်မရလို့ သေဆုံးရတာဖြစ်ပြီး၊ သူ့ကို မကွယ်လွန်ခင် နာရီပိုင်းအလိုမှ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးတာဟာ စစ်မှန်တဲ့ သနားကြင်နာမှု မဟုတ်ဘူးလို့လည်း အပြစ်တင်ဝေဖန်ထားပါတယ်။

နယ်သာလန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ... ဝန်ကြီးချုပ်ဇော်မြင့်မောင် မန္တလေးတိုင်းဝန်ကြီးချုပ် တာဝန်ယူစဉ်မှာ နယ်သာလန်နိုင်ငံနဲ့ ပူးပေါင်းပြီး ပြည်ကြီးတံခွန်ရေရရှိရေးစီမံချက်ကို အကောင်အထည်ဖော်ခဲ့တဲ့အကြောင်းနဲ့ အဲဒီစီမံချက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းသွားရတယ်လို့ ထောက်ပြထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးတင်မက မြန်မာပြည်သူတွေအတွက် သမိုင်းတွင်ကျန်ရစ်နေမယ်လို့လည်း ဂုဏ်ပြုဖော်ပြထားပါတယ်။

ကနေဒါနိုင်ငံကတော့ ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းအတွက် မြန်မာပြည်သူတွေနဲ့အတူ ပူဆွေးရကြောင်းနဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့၊ မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့ ထပ်မံတောင်းဆိုလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း… မြန်မာ့ဒီမိုကရေစီအရေးအတွက် ဒေါက်တာဇော်မြင့်မောင်ရဲ့ ပံ့ပိုးကူညီမှုတွေကို သတိရနေမှာဖြစ်ပြီး သူ့ရဲ့ဘဝတစ်လျှောက်လုံး အချိန်ကြာမြင့်စွာ မတရား ဖမ်းဆီးချုပ်နှောင်ခံထားခဲ့ရတာကို ဘယ်လိုမှ မေ့ပျောက်နိုင်မှာ မဟုတ်ကြောင်း ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံရသူအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေးကိုလည်း ဥရောပသမဂ္ဂသံရုံးက တောင်းဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ မနက်သုံးနာရီမှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။