မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာ အောင်နိုင်ဦး ဖမ်းဆီးခံရ

RFA Burmese
2024.04.10
မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာ အောင်နိုင်ဦး ဖမ်းဆီးခံရ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦး။
Photo: MUP/Facebook

မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးကို ဧပြီလ ၁၀ ရက်နေ့က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးပြီး အပြန် မော်လမြိုင်မြို့အဝင်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို သွားရောက်လှူဒါန်းပြီးအပြန်မှာ ဒေါက်တာ အောင်နိုင်ဦး စီးလာတဲ့ကားက တော်လှန်ရေးအဖွဲ့တွေကို ထောက်ပို့လုပ်တဲ့ သံသယရှိတဲ့ကားဆိုပြီး စစ်တပ်က ဖမ်းသွားတာလို့ သူနဲ့နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

"သူက ကျိုက်မရောဘက်ကိုသွားတယ်ထင်တယ်၊ ပြန်လာတော့ အတ္တရံတံတားထိပ်က ဂိတ်ကတားတယ်၊ သူတားတယ်ဆိုတာထက် သူစီးလာတဲ့ကားပေါ့လေ၊ အဲကားက တားမြစ်နယ်မြေလိုလို ဘာလိုလို အဲဘက်ကိုရောက်တော့ ဟိုဘက်က အဖွဲ့တွေကို ထောက်ပို့သဘောမျိုး သံသယရှိပြီးတော့မှ အဲကားနံပါတ်ကို ထိန်းလိုက်တဲ့သဘောထင်တယ်၊ တကယ်တမ်းတော့ သူ့ကိုပါစင်နယ်ဖမ်းတာမျိုးတော့ မထင်ဘူး၊ သူကအဲကားကို မောင်းတော့ ခဏထိန်းတာလို့ထင်တယ်၊ သူက ပရဟိတဘက်ကို ဇောင်းပေးပြီးတော့ လုပ်နေတာ၊ သူကိုအဲလိုထိန်းတာက သူ့အတွက်လည်း နစ်နာတယ်၊ နောက်တစ်ခုက ကျန်တဲ့ ပရဟိတသမားတွေ အတွက်လည်း စိုးရိမ်စရာဖြစ်တယ်"

ပြီးခဲ့တဲ့ မတ်လအတွင်း ဂျိုင်းမြစ်အတွင်းက စစ်ကောင်စီရေတပ်သင်္ဘောနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ် သုံးရာကျော်မီးလောင်ခဲ့တဲ့ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာက စစ်ဘေးဒုက္ခသည် ၈,၀၀၀ ခန့်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ ဒေါက်တာအောင်နိုင်ဦးက ထောက်ပံ့ကူညီနေတာလို့လည်း သူနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

ဒေါက်တာအောင်နိုင်ဦးဟာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအားလုံးမှာ ချောင်းဆုံမြို့နယ် ပြည်နယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတာဝန်ယူချိန်မှာ မွန်ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါက်တာအောင်နိုင်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က ဖုန်းခေါ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ဆက်ဆံရေးရှိတဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ်ကနေ နှုတ်ထွက်ပြီး မွန်အမျိုးသားရေးနဲ့ ပရဟိတလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။