ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာက ခရစ်ယာန်ဘုရားကျောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရ

RFA Burmese
2024.10.30
ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာက ခရစ်ယာန်ဘုရားကျောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရ ဒရုန်းဗုံးဒဏ်ကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှကျေးရွာမှ စိန်မိုက်ကယ် ဘုရားကျောင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာက ခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဒရုန်းဗုံးသီးချ တိုက်ခိုက်တာကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ မုံလှရွာခံတွေက ပြောပါတယ်။

မနေ့က ညနေပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက အနီးတစ်၀ိုက်ရွာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ချိန် မုံလှရွာက ဘုရားကျောင်းပါ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကက်သလစ် “စိန်မိုက်ကယ်” ဘုရားကျောင်းရဲ့ ခေါင်းလောင်းစင်နဲ့ ပင်မ ဝတ်ပြုဆောင် ထိမှန်ပျက်စီးခဲ့တာလို့ မုံလှရွာခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"ဘုရားကျောင်းကြီးရဲ့ အနောက်တစ်ခြမ်းက အကုန်ပျက်စီးသွားတာ။ တစ်ကျောင်းလုံး မှန်တွေ အကုန်ကွဲသွားတယ်၊ တော်တော်ပြင်ယူရမှာ။ ကျွန်မတို့လည်း မနေ့က ထွက်ပြေးရတယ်လေ။ ဒီနေ့လည်း ဒရုန်းတွေ ပြင်နေတယ်ဆိုတော့ ပြန်ဝင်ရုံရှိသေးတယ်၊ အခုပြန်ထွက်နေကြရပြီ"

မုံလှရွာကို အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့ တိုက်ခိုက်ခံရမှုမှာ လူကိုးဦး ဒဏ်ရာရပြီး နွားနှစ်ကောင် သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ တိုက်ခိုက်ခံရမှုမှာတော့ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်တဲ့မေးမြန်းတဲ့အခါ သူ့အနေနဲ့ အသေးစိတ်မသိရသေးကြောင်း ပြောဆိုပါတယ်။

အိမ်ခြေ ခုနစ်ရာခန့်ရှိတဲ့ မုံလှရွာမှာ အိမ်ခြေ နှစ်ရာကျော်က ဘရင်ဂျီလို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ နေထိုင်ကြပြီး ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ အထက်တန်းကျောင်းတွေရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ အာဏာသိမ်းကာလတွင်းမှာ စစ်ကောင်စီတပ်က မုံလှရွာကို နှစ်ကြိမ်ထက်မနည်း မီးရှို့ဖျက်စီးခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ရာနဲ့ချီပြီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကတစ်ရက်တည်းမှာပဲ ခင်ဦးမြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ ကန့်ဘလူမြို့နယ်၊ ကျောက်တိုင်နဲ့ ကျီစုရွာက နေအိမ်တချို့နဲ့ အစ္စလမ်ဘာသာဝင်တွေရဲ့ အာရဗီစာသင်ကျောင်းတစ်ခုတို့ကိုလည်း စစ်ကောင်စီတပ်နဲ့ ပျုစောထီးပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။