ကျောက်ဖြူမှာ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ရေလုပ်သား ငါးဦး ဒဏ်ရာရ
2024.10.03
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ စနဲမြို့ကနေ ဈေးလာဝယ်တဲ့ ရေလုပ်သား ခုနစ်ဦးကို သံဇစ်မြစ် ဒွေးချပိုက်ဆိပ်ကမ်းမှာ အောက်တိုဘာ ၁ ရက်နေ့က စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒဏ်ရာရသူတွေဟာ ကုလားမကျွန်းရွာကဖြစ်ပြီး စနဲမြို့ပေါ်ကနေ ဈေးဝယ်ပြီးအပြန်မှာ ဒီတိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့က ကုလားမကျွန်းကနေ စနဲကို ဈေးလာဝယ်တာ။ ဈေးဝယ်နေတုန်းက ကျွန်တော်နဲ့တောင် စကားပြောလိုက်သေးတယ်။ လာတာက ခုနစ်ယောက်လာတာ။ ၄ နာရီခွဲလောက်က သူတို့ပြန်သွားတယ်။ ၅ နာရီလောက်မှာတော့ ဒွေးချပိုက်ဆိပ်မှာ ဒရုန်းနဲ့ ဗုံးချခံရတာ။ တောင်ပေါ်ကြီးရေတပ်စခန်းကနေ ဒရုန်းလွှတ်တာ"
ဒဏ်ရာရသူတွေ ဆေးဝါးကုသမှုခံယူနေသလို အသက်အန္တရာယ်စိုးရိမ်ရသူတစ်ဦးကိုတော့ မအီမြို့ကို ဆေးကုသဖို့ ပို့ဆောင်ထားတယ်လို့ သူက ဆိုပါတယ်။
ဒီပစ်ခတ်မှုကို စစ်ကောင်စီရဲ့ အမှတ် (၁၈) တောင်ပေါ်ကြီးရေတပ်စခန်းကနေ လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ကျောက်ဖြူမြို့နယ်အတွင်း မြစ်ကြောင်းကနေ သွားလာတဲ့သူတွေကို စစ်ကောင်စီရေတပ်က စောင့်ကြည့်နေပြီး မသင်္ကာရင် ဒရုန်းလွှတ်ပြီး ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီရေတပ်က ဒရုန်းနဲ့ဗုံးချလို့ ရေလုပ်သားငါးဦး ဒဏ်ရာရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံတွဲ၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ အရပ်သား ၉၃ ဦး သေဆုံးပြီး ၆၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။