စဉ့်ကူးမြို့နယ် ရွာသာယာရွာ တိုက်ခိုက်ခံရပြီး ဒေသခံ ငါးဦးဒဏ်ရာရ

RFA Burmese
2023.09.02
စဉ့်ကူးမြို့နယ် ရွာသာယာရွာ တိုက်ခိုက်ခံရပြီး ဒေသခံ ငါးဦးဒဏ်ရာရ မန္တလေးတိုင်း စဉ့်ကူးမြို့ကို Google Earth မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်။
Google Earth

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စက်တင်ဘာလ ၁ ရက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ရွာသာယာရွာက ဒေသခံ ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်က ဒရုန်း နှစ်စီး၊ ဗုံးသုံးလုံးနဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပြုလုပ်တာလို့ ရေးသားထားပြီး အသက် ၉၀ အရွယ် ဒေါ်ထွေးကြည်၊ အသက် ၅၀ အရွယ် ဒေါ်သီသီခိုင်၊ အသက် ၄၇ နှစ်အရွယ် ဒေါ်တင်တင်ခိုင်၊ အသက် ၄၂ နှစ်အရွယ် ဦးကျော်နိုင်၊ အသက် ၂၀ အရွယ် ကိုဇွဲလင်းကျော်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ရွာသာယာရွာဟာ စစ်ကောင်စီကို ထောက်ခံသူ၊ စစ်သင်တန်းတက်ရောက်ပြီး လက်နက်ကိုင်ဆောင်နေသူတွေရှိနေတဲ့ ပျူစောထီးရွာဖြစ်တယ်လို့ ပြောပါတယ်။

"ဒရုန်းနဲ့ တိုက်တာတော့ ရှိတယ်။ ရွာကတော့ ပျူရွာ။ စစ်တပ်ရော ပျူရော အဲဒီရွာထဲမှာ ရှိတာ"

ဒေသတွင်းသတင်းတွေမှာလည်း ရွာသာယာရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဩဂုတ်လ ၃၀ ရက် နဲ့ စက်တင်ဘာလ ၁ ရက်နေ့တွေမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရွာသာယာရွာဘက်ကနေ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်နေတာ ရှိတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လကုန်အထိ PDF တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၈၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၃၁ ရက်က ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်မှာတော့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်အထိ စစ်ကောင်စီတပ်ရဲ့ ဖြိုခွင်းမှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ၄၀၂၉ ဦးသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။