ရခိုင်ပြည်နယ်က မြို့နယ်သုံးခုမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ
2024.03.30
ရခိုင်ပြည်နယ် ရမ်းဗြဲ၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ မတ်လ ၂၉ ရက်နဲ့ ၃၀ ရက်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရမ်းဗြဲမြို့နယ် ဖက်ကြပ်ရွာကို မတ်လ ၃၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျတ်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဖက်ကြပ်ရွာက အသက် ၁၃ နှစ်အရွယ် ကိုဖြိုးကိုသေဆုံးပြီး အသက် ၄၀ အရွယ် ဒေါ်ဆန်းရီနဲ့အသက် ၆၀ ဝန်းကျင်အရွယ် ဦးဘိုခိုင်တို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကောင်လေးက နေရာမှာတင် ဆုံးသွားတယ်။ အဒေါ်ကြီးက ပေါင်တွေမှာ ဗုံးစထိတယ်။ ဦးဘိုခိုင်ဆိုတဲ့ တစ်ယောက်က ကျောပြင်တွေမှာရော၊ လက်၊ ခြေတွေ အကုန်နီးပါးပဲ ထိထားတယ်လို့ ပြောတယ်”
မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာလည်း မတ်လ ၂၉ ရက် ညပိုင်းက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ နေအိမ် ငါးဆယ်ဝန်းကျင် ပျက်စီးခဲ့ပါတယ်။
ဒီအပြင် မင်းပြားမြို့နယ် သေကန်ရွာက ရဟန်းတစ်ပါး ဒဏ်ရာရခဲ့သလို မြေပုံမြိုနယ် ကမ်းထောင်းကြီးရွာက အရပ်သား ငါးဦးဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFAက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA ရဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန် စစ်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက်အထိ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား နှစ်ရာနီးပါး သေဆုံးခဲ့ပြီး ငါးရာဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။