ရှမ်းပြည်နယ်မှာ ကျပ်ငွေ ဘီလီယံချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ
2025.01.08

ရှမ်းပြည်နယ် တောင်ကြီး၊ လွိုင်လင်၊ ကျိုင်းတုံနဲ့ တာချီလိတ်မြို့နယ်တွေမှာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အတွင်း ကျပ်ငွေ ဘီလီယံချီ တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံး၊ စိတ်ကြွဆေးပြားနဲ့ Happy Water ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ပါတယ်။
တာချီလိတ်မြို့ပေါ်မှာ လူငယ်တွေကြား အသုံးများတဲ့ Happy Water (စိတ်ပြောင်းဆေး) အများစုနဲ့ ခေါင်းခါဆေး (E) လို့ခေါ်တဲ့ အက်တက်စီ၊ အိုက်စ် လို့ခေါ်တဲ့ မက်သ်အဖက်တမင်း စုစုပေါင်း သိန်း ၂၃၀၀ ကျော်ဖိုးကို ဇန်နဝါရီလ ၆ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ အခုဖမ်းဆီးမှု အပါအဝင် တာချီလိတ်မြို့မှာ တစ်ပတ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သုံးကြိမ်အထိ ရှိခဲ့တာကို တွေ့ရပါတယ်။
ဖမ်းဆီးမှုတွေ ရှိနေပေမဲ့ တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးတွေကတော့ ပေါပေါများများ ဝယ်လို့ရနေတုန်းပဲလို့ တာချီမြို့ခံ တစ်ဦးက ပြောပါတယ်။
“ဖမ်းတယ်လို့သာ ပြောနေတာ ပဲကြီးလှော်သာ ဝယ်မရရင်နေမယ် စိတ်ကြွဆေးကတော့ ပေါမှပေါပဲ။ မြို့ထဲ၊ ရွာထဲ ကြိုက်တဲ့နေရာ ဝယ်လို့ရတယ်ဗျာ။ KTV အတွက်က အိုက်စ်တွေ ပိုသုံးတယ်။ စိတ်ကြွဆေးကတော့ လမ်းဘေးမှာ ပေါ်တင်ပဲသုံးနေတာပဲ”
ဇန်နဝါရီလ ၄ ရက်နေ့ကလည်း လွိုင်လင်-တောင်ကြီးကားလမ်းပေါ်မှာ သိန်း ၂၅၀၀ ကျော် တန်ဖိုးရှိတဲ့ Happy Water (စိတ်ပြောင်းဆေး) မူးယစ်ဆေးဝါးတွေ ဖမ်းမိတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ကတော့ တောင်ကြီးမြို့ပေါ်မှာ စိတ်ကြွဆေးပြား အရေအတွက် သုံးသိန်းနှစ်သောင်းကျော်ကို စစ်ကောင်စီ အာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့မှာလည်း ကျိုင်းတုံမြို့နယ် ယန်ဖောင်းကျေးရွာမှာ မိုင်းပျဉ်းမြို့ကနေ ကျိုင်းတုံမြို့ဘက်ကိုပို့မဲ့ ငွေကျပ် ၁ ဒသမ ၃၆၅ ဘီလီယံရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ ကျပ်ငွေ တစ် ဘီလီယံနဲ့ အထက် မူးယစ်ဆေးဖမ်းဆီးမှုပေါင်း ၅၃ မှု ရှိခဲ့တာကို တွေ့ရပါတယ်။
စိတ်ကြွဆေးပြား ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၂၇ မှုနဲ့ အများဆုံးဖြစ်ပြီး အိုက် (စ်) လို့ခေါ်တဲ့ မက်သ်အဖက်တမင်း ကတော့ တန်ချိန်နဲ့ချီပြီး ဒုတိယအများဆုံး ဖမ်းဆီရမိခဲ့တာပါ။
၂၀၂၄ ခုနှစ်အတွင်း မြန်မာကျပ်ငွေ ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါးအများဆုံး ဖမ်းဆီးရမိတဲ့ မြို့တွေဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္လာရီတိုင်းနဲ့ စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်က ဖြစ်တာကို တွေ့ရပါတယ်။