လမ်းကြောင်းသစ်တွေနဲ့ မူးယစ်ဆေးရောင်းဝယ်မှု တိုးလာတယ်လို့ UNODC ပြော

RFA Burmese
2023.06.03
လမ်းကြောင်းသစ်တွေနဲ့ မူးယစ်ဆေးရောင်းဝယ်မှု တိုးလာတယ်လို့ UNODC ပြော မန္တလေးမြို့တွင် မူးယစ်ဆေးဝါးများ ဖျက်ဆီးခြင်း အခမ်းအနားအား ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မူးယစ်ဆေးဝါးကုန်ကူးတဲ့ ကွန်ရက်တွေဟာ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ စိတ်ကြွ ဆေးပြားတွေကို အခြားနိုင်ငံတွေကို ပို့ဆောင်ရောင်းချဖို့ ပင်လယ်ရေလမ်းကြောင်းကို ပိုအသုံးပြုလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု နှိမ်နှင်းရေးဆိုင်ရာ အေဂျင်စီ (UNODC) က ပြောလိုက်ပါတယ်။

ဇွန်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UNODC တာဝန်ရှိသူက ပြောလိုက်တာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းက ထုတ်လုပ်တဲ့ စိတ်ကြွဆေးတွေကို အရင်က ထိုင်းနဲ့ တရုတ် နိုင်ငံတွေကို ကုန်းလမ်းကနေ ပို့ဆောင်ခဲ့ပေမယ့် တင်းကျပ်တဲ့ စစ်ဆေးမှုတွေကြောင့် လှေတွေနဲ့ ရေလမ်းကနေ တင်ပို့ရောင်းချလာတယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မူးယစ်ဆေးကုန်သည်တွေဟာ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းကို ဖြတ်သန်း သယ်ဆောင်တဲ့ နည်းလမ်းကို ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်သလို၊ မြန်မာနိုင်ငံ အလယ်ပိုင်းကနေတဆင့်လည်း ကပ္ပလီပင်လယ်ကနေ ရေလမ်းခရီးနဲ့ ပို့ဆောင်တဲ့ လမ်းကြောင်းဟာ စစ်ဆေးမှု နည်းပါးတဲ့အတွက် အသုံးပြုမှု တိုးလာတဲ့အကြောင်း UNODC ရဲ့ ဌာနေ ကိုယ်စားလှယ် ဂျာရယ်မီ ဒေါက်ကလပ်က ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ အရှေ့နဲ့ အရှေ့တောင်အာရှအတွင်း စိတ်ကြွဆေးပြား ၁၅၁ တန် ဖမ်းဆီးရမိခဲ့ပြီး ၂ဝ၂၁ ခုနှစ်က ၁၇၁ တန် ဖမ်းမိခဲ့ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တစ်လျောက်နဲ့ ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်မှာ ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကျပ်လာတဲ့အတွက် ၂ဝ၂၂ ခုနှစ်မှာ စိတ်ကြွရူးသွပ်ဆေး ဖမ်းဆီးရမိတာလျော့ကျသွားပြီး၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ မြန်မာနိုင်ငံထွက် စိတ်ကြွရူးသွပ်ဆေးတွေ ဖမ်းဆီးရရှိမှုတိုးလာတယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။