တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်မှ ရွေးကောက်ပွဲ သံသယဖြစ်ဖွယ်တွေ့ရှိ

ကချင်ပြည်နယ် ပန်ဝါ၊ မြစ်ကြီးနား၊ ဗန်းမော်၊ ဟိုပင်၊ လုံးခင်း၊ နမ္မတီးစတဲ့ြ မို့တွေမှာ မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်မြန်မာနယ်စပ် ပန်ဝါမြို့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ပါဝင် အရွေးခံတဲ့ ဦးစခုံတိန့်ယိမ်း အနိုင်ရရှိ သွားပါတယ်။

2010.11.08
election_ballot_station_305_z.png မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့ မဲရုံတခုမှာ မဲပေးရန် စာရင်းပေးနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပန်ဝါမြို့က ရွေးကောက်ပွဲအခြေအနေကို မြို့ခံတယောက်က ခုလို ပြောပြပါတယ်။

“ပန်ဝါနဲ့ လုပြည်မှာကျတော့ ကြံ့ဖွတ်ပဲ နိုင်ပါတယ်ခင်ဗျ၊ နဇုံပေါင်တို့၊ ဖီမော်တို့ ဂမ်ဖန်တို့ကျတော့ တစညက နိုင်ပါတယ်ခင်ဗျ။ ကျနော်တို့ မြင်ရသလောက်ကတော့ ကြိုတင်မဲရယ် လာတဲ့ ဒေသခံ လီစူးတိုင်းရင်းသားတွေကျတော့ စာမတတ်တော့ မဲရုံမှူးတွေက ဒီမှာထည့် ဒီမှာထည့် ဆိုပြီး ပန်ဝါမဲရုံမှူးလုပ်တဲ့ အထကကျောင်းအုပ်က သူကိုယ်တိုင် ခြစ်ပေးတာ တွေ့ရပါတယ်ခင်ဗျ၊ ကြံ့ခိုင်ရေးပါတီကို ခြစ်ပေးတာ အများဆုံးတွေ့ရပါတယ်။ တခြားပါတီတွေကိုတော့ ပယ်မဲဖြစ်အောင် ခြစ်ပေးတယ် ဆိုပြီးတော့ သိရပါတယ်။ ပန်ဝါမဲရုံမှာတော့ဦးစခုံတိန့်ယိမ်းကပဲ နိုင်ပါတယ်။”

မြစ်ကြီးနားမှာတော့ မဲရုံကို စနစ်တကျ လုပ်ထားတာ မရှိတဲ့အပြင် တခြားပါတီကိုယ်စားလှယ်တွေ မဲရုံနား အကပ်မခံပဲ အဝေးမှာ နေစေပြီး မဲရုံကြီးကြပ်တဲ့ လုပ်ငန်းတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံတဲ့သူတွေကပဲ အဓိက ဦးစီးဦးဆောင် လုပ်သွားတယ်လို့ မဲရုံတွေကို လိုက်လံလေ့လာခဲ့တဲ့ မြစ်ကြီးနားမြို့ခံတယောက်က ပြောပါတယ်။

“လုံလဲမလုံပါဘူး လိုက်ကြည့်ရတာတော့ ဒီအတိုင်း သူတို့လူတွေပဲကိုး။ တချို့ အတွေ့အကြုံ မရှိတဲ့လူက ကြောက်တာပေါ့၊ အဲဒါအကုန်စောင့်နေကြတာ၊ အဲဒီကိုသွား၊ အထက (၁) နားမှာဆို ပိုဆိုးတယ်၊ ဒီလိုဝင် ဟိုမှာထည့်၊ ဒီလိုခြစ်၊ အဲလိုကို ပြောတာ၊ ဒူကထောင်ကို တချက်သွားတဲ့အခါကျတော့ အဲဒီမှာ အဖွားတယောက် ရှိတယ်လေ။ အရမ်းအသက်ကြီးပြီ။ သူ့ကိုကျတော့ ကြံ့ခိုင်ရေးက ပြောတာပေါ့နော။ အသက်ကြီးတဲ့လူကို လာထည့် ကြံ့ခိုင်ရေးမှာ ထည့်ဖို့လေ။”

နောက်ထပ် ဗန်းမော်မြို့က အခြေအနေအချို့နဲ့ ပတ်သက်လို့ မြို့ခံတယောက်က သူသိရသလောက်ကို အခုလိုပြောပြပါတယ်။

“လူတွေက ကြောက်လန့်လို့ သွားပေးကြတာတွေလည်း ရှိတာပေါ့ဗျာ။ ပြည်သူ့လွှတ်တော်မှာတော့ ဦးလွန်းမောင်ကတော့ ထည့်နိုင်တဲ့ ဦးရေကတော့ ၁၀၄၁ ဦး ၇၃၀ပေါ့ သူရတယ်။ ဦးကိုလေး ကျားဖြူကတော့ ၉၀ ပဲ တစည ၈၂ ပဲရတယ်။ ဗန်းမော်တမြို့နယ်လုံးကတော့ ဘယ်လိုလာဦးမလဲ မသိသေးဘူး မဲတချို့ဟာတွေက ရေတွက်လို့ မပြီးသေးဘူးလေ။”

ဒီကနေ့ ညနေပိုင်း နောက်ဆုံးရရှိတဲ့ သတင်းအရ ဗန်းမော်မြို့နယ်မှာ ကျားဖြူပါတီက အနိုင်ရနိုင်တယ်လို့ သိရ ပါတယ်။ ကချင်ပြည်နယ် ဟိုပင်မြို့မှာတော့ မဲထည့်တဲ့သူ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရယ်၊ တစညပါတီနဲ့ ကျားဖြူပါတီတွေ ယှဉ်ပြိုင်ကြရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရနေတယ်လို့ ဟိုပင်မြို့ ခံတယောက်က သူသိရသလောက် ပြောပါတယ်။ ကြိုတင်မဲတွေကြောင့် ကြံ့ခိုင်ရေးက အနိုင်ရတာ ဖြစ်ပြီးဟိုပင်မြို့က ကြိုတင်မဲတွေဟာ မြို့ပေါ်မှာတင်မက မြစ်ကြီးနားမြို့ကနေပါ ယူလာတာကြောင့် အထူးအဆန်း ဖြစ်နေတယ်လို့ ဟိုပင်မြို့ခံတယောက်က ပြောဆိုပါတယ်။ ကျောက်စိမ်းဒေသ လုံးခင်းမြို့မှာတော့ ကျားဖြူပါတီကိုပဲ မဲထည့်သူများကာ အေးအေးဆေးဆေး ပြီးသွားတယ်လို့ လုံးခင်းဒေသခံ တယောက်က ပြောပြပါတယ်။

“မနေ့က မဲပေးတဲ့ အနေအထား ကြည့်ရတာတော့ တော်တော်များများတော့ ပေးကြတယ်ဗျ။ အက်စ်အင်န်ဒီပီ ပေါ့ဗျာ။ ကျားဖြူပါတီရဲ့ အနေအထားလေးက တော်တော်လေး ကောင်းတယ်ဗျ မဲရုံနားတဝိုက် ရင်းနှီးကျွမ်းဝင် တဲ့လူတွေကို မေးကြည့်သလောက်ဆိုရင်တော့ ကျားဖြူပါတီကို မဲပေးတဲ့သူ တော်တော်များတယ်ဗျ၊ မဲရုံက တော်တော်များတယ်လေ။ လူဦးရေက ထောင်ချီရှိတာကိုး မဲရုံမှူးတွေက လုံးခင်းအနေအထားကတော့ တဖက်စောင်းနင်း လုပ်တဲ့ အနေအထားတော့ မရှိဘူး ကျေနပ်စရာ အနေအထားလေးတွေ တွေ့ရပါတယ်။”

မိုးညှင်းမြို့တချို့ ရပ်ကွက်တွေနဲ့ ရှမ်းတွေအနေများတဲ့ အုပ်ကျင်း၊ ဟဲလုံ၊ ပင်းလှ၊ ဘီလူးမြို့၊ ဦးဆန်ဆိုင် သာယာကုန်း စတဲ့ရွာတွေကတော့ ကျားဖြူက မဲအပြတ်အသတ်နဲ့အနိုင်ရရှိပေမဲ့ သံလမ်းရိုးမှာရှိတဲ့ နမ့်းမားမြို့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။ နောက်ထပ် ကချင်ပြည်နယ် သံလမ်းဘေးရှိ နမ္မတီးမြို့မှာတော့ မဲပေးတဲ့သူနည်းပြီး မဲပေးတဲ့သူ အများစုက ကျားဖြူ ပါတီကိုပဲ မဲထည့်ကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “နမ္မတီးမဲရုံတွေမှာကတော့ မဲပေးလာသူနည်းတယ်၊ နံပါတ် ၁ ရုံမှာကတော့ မဲပေးနိုင်သူ ၂၈၀ဝ ကျော်ရှိတယ်။ မဲလာပေးတဲ့လူက ၇၀ဝ လောက်ပဲရှိတယ်၊ နောက် နံပတ်နှစ် မဲရုံမှာကျတော့ မဲပေးပိုင်ခွင့် ရှိတဲ့လူဦးရေကတော့ ၃ ထောင်ကျော်တယ် မဲလာပေးတာက ၉၀ဝ လောက်ပဲရှိတယ်၊ အဲဒီမဲ လာပေးမဲ့လူတွေထဲက ၈၅ ရာခိုင်နှုန်းလောက်က ကျားဖြူရသွားတယ်၊ အပြတ်အသတ် အနိုင်ရသွားတယ်။”

ကချင်ပြည်နယ်မှာတော့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည၊ ကျားဖြူပါတီနဲ့ အမျိုးသား ဒီမိုရေစီအင်အားစု အင်န်ဒီအက်ဖ် စတဲ့နိုင်ငံရေးပါတီတွေ အဓိက ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံက တချို့နေရာတွေမှာ မဲရေတွက်တဲ့အချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရှုံးနိမ့်နေပေမဲ့ မဲရေတွက်ပြီးနောက် ကြိုတင်မဲတွေနဲ့ ပေါင်းလိုက်ချိန်မှာ ပြန်နိုင်သွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ တောင်ဖက်ခြမ်းမှာ ရှိတဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာတော့ မနေ့ကည သန်းခေါင်ယံ အချိန်လောက်မှာ မဲရေတွက်လို့ ပြီးစီးသွားပြီး ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားခဲ့တယ်လို့ သိရပါတယ်။ မဲရုံက မဲတွေကို ရေတွက်ချိန်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ အသာရနေပေမဲ့ ကြိုတင် ကောက်ခံထားတဲ့ မဲတွေကို ထပ်ဖြည့်လိုက်ချိန်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားတာဖြစ်တယ်လို့ ကော့သောင်းမြို့က ရွေးကောက်ပွဲအခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုမြင့်မောင်က ပြောပါတယ်။

“တမြို့နယ်လုံးအနေအထားအရ တစည ကဝင်ပြိုင်တဲ့ လေးယောက်စလုံးက ကြိုတင်မဲနဲ့ ရှုံးသွားတယ်ခင်ဗျ၊ ၇ ရက်နေ့မှာ ဒီ ရွေးကောက်ပွဲမှာ လာထည့်တဲ့ မဲအရေအတွက်အရဆိုရင် ဒီ တစည ကနိုင်တယ်၊ ဒါက ကျနော်တို့ တရပ်ကွက်ချင်းရဲ့ ရထားတဲ့ ရလဒ်ပေါ့နော်၊ တစည ကသာနေတယ်၊ ရပ်ကွက်တွေမှာ ရေပြီးတော့ ကျနော်တို့ မြို့နယ် ကော်မရှင်မှာ ရေတဲ့အချိန်မှာ ကြိုတင်မဲရေတော့ ကြိုတင်မဲက အိတ်တရာလောက်ကို ဖြေလိုက်တဲ့အချိန်မှာ ရှစ်ဆယ့်နဲ့ ငါးအိတ်လောက်က ကြံ့ခိုင်ရေးဖြစ်နေတယ်၊ ၈၅ ရာခိုင်နှုန်းက ကြံ့ခိုင်ရေး ဖြစ်နေတယ်ဆိုတော့ နောက်ဆုံးရလဒ်က အကုန်လုံးက တစည က ရှုံးသွားတာပေါ့နော်။”

လေးနေရာလုံး။ မြိတ်မြို့နယ်အတွင်းမှာတော့ မဲရုံပိတ်ပြီး မဲရေတွက်ချိန်မှာ ၁၀ ကိုက်အကွာကနေ စောင့်ကြည့်နေကြတဲ့ ပြည်သူတွေကို မောင်းထုတ်ခဲ့ပြီး အများပြည်သ ူမမြင်ကွယ်ရာမှာ မဲရေတွက်သွားတယ်လို့ သိရပါတယ်။ စောစောက ကော့သောင်းမြို့က အဖြစ်အပျက်လိုပဲ မဲရေတွက်ချိန်မှာ တစညပါတီ အနိုင်ရနေခဲ့ပြီး ကြိုတင် ကောက်ယူထားတဲ့မဲတွေ လာပေါင်းလိုက်ချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရသွားပါတယ်။

အဲဒီမှာ တစည ပါတီဝင်တွေ မကျေမနပ် ဖြစ်ပြီး နှစ်ဖက် အချေအတင် စကားများမှုတွေ ဖြစ်ကာ မဲအနိုင်အရှုံးစာရင်း မကြေညာနိုင်သေးပဲ ဖြစ်နေတယ်လို့ စောင့်ကြည့်နေသူတဦးက ပြောပါတယ်။

“မြိတ်မြို့မှာက မဲရုံအသီးသီးမှာ ဖြစ်ပွားနေတဲ့ ပြဿနာကတော့ ဒီ တစညက နိုင်ထားတဲ့ မဲစာရင်းတွေထဲမှာ ကြိုတင်မဲတွေက လာပြီးတော့ ရောချလိုက်တဲ့အတွက် မဲရုံအသီးသီး အားလုံးလိုလိုက ကြံ့ခိုင်ရေးက ပိုများ သွားတာပေါ့၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တဖက်နဲ့ တဖက် အချေအတင်တွေ အများကြီးဖြစ်နေတယ် ဒီမှာ၊ အဲဒီတော့ မြိတ်မြို့နယ်ရဲ့ မဲရုံ အခြေအနေအားလုံးကို အနိုင်အရှုံးစာရင်းကို ဒီအချိန်ထိ မကြေညာနိုင်သေးဘူး။”

ပုလောမြို့နယ်မှာလည်း အလားတူ ကြိုတင်မဲတွေကြောင့် တစည ပါတီ ရှုံးနိမ့်ခဲ့ရပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ အနိုင်ရသွားတယ်လို့ သိရပါတယ်။ တစညပါတီကနေ ပုလောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့တဲ့ ဦးတင်မောင်ဝင်းကတော့ တနင်္သာရီတိုင်းအတွင်း ကြိုတင်မဲ ကောက်ခံခဲမှုတွေဟာ ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ကန့်ကွက်ဖို့ စီစဉ်နေကြောင်း RFA ကို အခုလို ပြောပါတယ်။

“ဒီ ကြိုတင်မဲ ဆိုတာ ကျနော်တို့ ဒီရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတဲ့ ပုဒ်မ ၄၅ ဂ ငယ်မှာ ဒီ ပုဒ်မနဲ့ အကြုံးဝင်တဲ့သူမှသာလျှင် ကြိုတင်မဲပေးခွင့်ရှိတာ အခုပေးလိုက်တဲ့သူတွေက ဒီပုဒ်မ ၄၅ ဂ ငယ်နဲ့ လုံးဝကို နီးစပ်မှု မရှိဘူး၊ အကြုံးလည်း မဝင်ဘူး၊ ဒီတော့ ဒီကြိုတင်မဲတွေအားလုံးက အကြံအဖန်မဲတွေ အကုန်ဖြစ်နေ တာပေါ့၊ ကျနော်တို့ ပါတီအနေနဲ့ ဆက်လုပ်ဖို့ ရှိတာက ကျနော်တို့ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတဲ့ အချက်တွေ ပေါ်လွင်အောင် ကျနော်တို့က တိုင်ပြီးတော့ ဒီ လွှတ်တော် ကိုယ်စားလှယ်တွေကို ကန့်ကွက်ဖို့ အနေအထားရှိတယ်။”

မွန်ပြည်နယ်အတွင်းမှာတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေနဲ့ မော်လမြိုင်မြို့နယ်မှာ ကြိုတင်မဲတွေ ကောက်ခံထားမှုကြောင့် မသေချာတဲ့ အခြေအနေဖြစ်နေပေမဲ့ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၄ နေရာကနေ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံခဲ့ရာမှာ အမတ်နေရာ ၂၀ အနိုင်ရထားပြီ ဖြစ်တယ်လို့ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောပါတယ်။

“နောက်ဆုံးရထားတဲ့ အကြမ်းဖျဉ်းစာရင်းပေါ့နော်၊ ရေး လေးနေရာ၊ သံဖြူဇရပ် သုံးနေရာ၊ မုဒုံက တနေရာတည်း၊ မော်လမြိုင်ကတော့ မဲရုံတိုင်း မဲရုံတိုင်းကနေတော့ မွန်တွေကတော့ နိုင်တယ် ဒါပေမဲ့လို့ သူတို့ ကြိုတင်မဲနဲ့ ပေါင်းတဲ့အခါကျတော့ သိပ်အခြေအနေ မကောင်းဘူးလို့ ပြောတယ်၊ သူတို့ မကြေညာရသေးဘူးပေါ့နော်၊ ချောင်းဆုံ သုံးနေရာရတယ်၊ ပေါင် တယောက်ပဲ ရတယ်၊ ကျိုက်မရော လေးယောက်၊ နောက်တခါ ဖားအံ တယောက်၊ ကော့ကရိတ် သုံးယောက် အဲဒီ ဖားအံနဲ့ ကော့ကရိတ်က ပြန်မေးရဦးမယ်နော်၊ ရေဖြူကတော့ မသေချာသေးဘူး၊ တနင်္သာရီတိုင်းလေ၊ လောလောဆယ် အကြမ်းဖျဉ်းကတော့ နေရာ ၂၀ ပေါ့နော်။”

မွန်ပြည်နယ်အတွင်းက မဲရုံအတော်များများမှာလည်း ဥပဒေချိုးဖောက်မှုတွေ ရှိသလို မဲလာပေးသူတွေကိုလည်း ခြိမ်းခြောက်မှုတွေ ရှိခဲ့တာကြောင့် သူတို့အနေနဲ့ ဒါတွေကို အချက်အလက်တွေ စုဆောင်းပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း နိုင်ငွေသိန်းက ဆက်ပြောပါတယ်။

ပဲခူးမြို့နယ်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အများစု အနိုင်ရထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာခြင်း မရှိသေးပေမဲ့ ဒီလိုအနိုင်ရအောင် မတရား လုပ်တာတွေ ရှိတဲ့အတွက် ဥပဒေအရ ကော်မရှင်ကို တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့ ပဲခူးမြို့ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံခဲ့မဲ့ ဦးအောင်မျိုးဝင်းရဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးစန်းမောင်က ပြောပါတယ်။

“ကိုက် ငါးရာအတွင်းမှာ မရှိရဘူး မရှိရပေမဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးအသင်းက အဲဒီ ကိုက်ငါးရာ တွင်းကို တံဆိပ်တွေနဲ့ ဝင်တယ်၊ ကားတွေနဲ့ မဲဝင်မည့်သူတွေကို ယူလာပြီးတော့ အဲဒီမှာ မဲပေးခိုင်းတယ်၊ လက်ဖက်ရည်ဆိုင်မှာ အကုန်လုံး လက်ဖက်ရည် သောက်ခိုင်းတယ်၊ သောက်ခိုင်းပြီးတော့ မဲထည့်ခိုင်းတယ်။ အဲဒါကို ကျွန်တော်တို့က နံပါတ်တစ် ကော်မရှင်ကို တိုင်တန်းစာပို့မယ်၊ နံပတ်နှစ်က အများပြည်သူဆီကို ကျနော်တို့ အသေးစိတ် သတင်း ထုတ်ပြန်မယ်၊ မဲရွေးကောက်ပွဲမှာ တပ်မတော်သားတွေရဲ့ ကြိုတင်မဲ၊ ပယ်ဖျက်မဲ၊ အမည်မသိမဲ ဗိုးထရိုစ်နှင့် မတရားသဖြင့် ဥပဒေမဲ့ ကြံ့ဖွံ့အသင်းသားများ၏ ဆောင်ရွက်ချက်များကြောင့် တဖက်သတ် အနိုင်ကျင့်ခံရပြီး ရှုံးနိမ့်ခံရပါသည်ဟု ကိုယ်စားလှယ်များ၏ ပေးပို့သော သတင်းများအရ ကြားသိရပါသည်၊ ထိုကိစ္စနှင့် စပ်လျဉ်း၍ ကော်မရှင်သို့ တိုင်တန်းစာ ပေးပို့ပြီး ပြည်သူသို့ မကြာမီ အသေးစိတ် သတင်းထုတ်ပြန် ကြေညာသွားပါမည်၊ လေးစားစွာဖြင့် အောင်မျိုးဝင်း အဲဒါ ထုတ်မယ် ကျနော်တို့။”

လောလောဆယ် ပဲခူးမြို့နယ်အတွင်းမှာ ရှိတဲ့ ရပ်ကွက်တချို့က မဲတွေ မြို့နယ်ကော်မရှင်ရုံးကို မရောက်လာသေးတာကြောင့် မဲအနိုင်အရှုံးစာရင်း အတိအကျကို မထုတ်ပြန်သေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။