တောင်ငူမှာ DVB အလွတ်သတင်းထောက် အပါအဝင် ၁၃ ဦး ထောင်တစ်သက်ချခံရ
2022.12.30
ရန်ကုန် - မန္တလေး အမြန်လမ်း ဇဟားရဲကင်းတစ်ခုကို တိုက်ခိုက်တယ်ဆိုတဲ့ စွဲချက်နဲ့ DVB အလွတ်သတင်းထောက် အပါအဝင် ၁၃ ဦးကို တောင်ငူခရိုင် ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ ၂၈ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၄ နဲ့ ထောင်တစ်သက် ချမှတ်လိုက်တယ်လို့ ထောင်တွင်းတရားရုံးနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
ရဲကင်းစခန်း တိုက်ခိုက်ခံရမှုမှာ ပါဝင်သူတွေလို့စွပ်စွဲခံရတဲ့ DVB အလွတ်သတင်းထောက် ကိုကျော်အောင်(ခ) မင်းမင်း (ကညွတ်ကွင်း)၊ ကိုပိုင်သဲဦး၊ ကိုစိုးသူအောင်၊ ကိုမြဝင်းကျော်၊ ကိုကျော်နိုင်ဦး၊ ကိုကောင်းဆင့်သာ၊ ဒေါ်ပုလဲဆေး၊ ကိုစောနိုင်ဦး အပါအဝင် ၁၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အမှုတွဲမှာပါဝင်တဲ့သူက စုစုပေါင်း ၁၃ ဦးပါတယ်။ ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ထောင်တစ်သက်တစ်ကျွန်း ချခံလိုက်ရတာ။ ရဲစခန်းဝင်ပစ်သူတွေ အပါအဝင် အားပေးကူညီသူလို့ ယူဆရတဲ့သူတွေကိုအားလုံးပါ ထောင်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တာဖြစ်တယ်။ ပစ်ခတ်သူက ငါးဦးနဲ့ အားပေးကူညီသူလို့ ယူဆခံရသူက ရှစ်ဦး စုစုပေါင်း ၁၃ ဦးပေါ့”
ရဲစခန်းကို ဝင်ရောက်ပစ်ခတ်စဉ်မှာ ကိုကျော်နိုင်ဦးက ဗိုက်ဒဏ်ရာရခဲ့တာကြောင့် ကယ်ထုတ်ဖို့ ကြိုးစားရာကနေ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်း သူတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၀) မှာရှိတဲ့ ဇဟားရဲကင်းကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူပေါင်း ၁၃,၁၆၇ ဦးရှိပြီး အဲဒီအထဲက ၁,၈၆၆ ဦးက ထောင်ဒဏ်အသီးသီးချမှတ်ခံထားရပါတယ်။