လားရှိုး ရမခ သိမ်းပိုက်နိုင်မှုကို ဂုဏ်ယူကြောင်း EAO သုံးဖွဲ့ ထုတ်ပြန်
2024.08.04
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် ဝမ်းသာဂုဏ်ယူကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF ) တို့က သြဂုတ်လ ၄ ရက် ဒီနေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ အောင်မြင်မှုတွေရနေသလို KNU၊ KNPP နဲ့ CNF တို့ကလည်း အာဏာသိမ်းစစ်တပ် ပြိုလဲသည်အထိ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ဒီအောင်မြင်မှုဟာ တော်လှန်ရေး အင်အားစုတွေအတွက် အားသစ်တစ်ခုဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအတွက်တော့ အားသစ်တစ်ရပ် ရရှိလိုက်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိဖို့ အင်မတန်မှ အထောက်အကူပြုလာပါလိမ့်မယ်။ အောင်မြင်မှုကိုအခြေခံပြီး အားသစ်ယူကာ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့အောင်ပွဲက ကျွန်တော်တို့ လက်တစ်ကမ်းမှာပဲ ရှိပါတော့တယ်လို့ ပြောချင်တယ်”
KNU၊ KNPP နဲ့ CNF တို့ကလည်း ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တပ်စခန်းတွေနဲ့ မြို့တချို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
လားရှိုးမြို့က စစ်ကောင်စီတပ်စခန်းတွေကိုတော့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ မဟာမိတ်တပ်တွေက ဇူလိုင် ၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး တစ်လပြည့်တဲ့ သြဂုတ်လ ၃ ရက်နေ့မှာပဲ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းယူနိုင်ခဲ့တာပါ။
အခုသိမ်းပိုက်နိုင်မှုဖြစ်စဉ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် မြန်မာစစ်တပ်သမိုင်းမှာ ပထမဆုံး တိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တစ်လကျော်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်၊ စဥ့်ကူးမြို့တွေကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။