ဖမ်းဆီးထားတဲ့ပညာရေးဝန်ထမ်းတွေကို လွှတ်ပေးဖို့ နိုင်ငံတကာပညာရေးဆိုင်ရာအဖွဲ့ တောင်းဆို

ဦးသစ်ဆင်း(ဝါရှင်တန်ဒီစီ)
2021-06-16
Share

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာခဲ့ပြီးတဲ့နောက်၊ တက္ကသိုလ်ကောလိပ်တွေမှာ ပြုပြင်ပြောင်းလဲတိုးတက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ နိုင်ငံတွင်းက တက္ကသိုလ်တွေကို ပြည်ပပညာရှင်တွေ လာရောက် ထိတွေ့ခွင့်ရခဲ့တဲ့အတွက် သင်ကြားရေးကဏ္ဍ တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ခေါင်းဆောင်က လတ်တလော အာဏာသိမ်းခဲ့ပြန်တာကြောင့် စတင်တာထွက်ချိန်မှာပဲ ခြေခေါက်လဲခဲ့ရပြန်ပါတယ်။

အာဏာသိမ်းလိုက်တာရဲ့အကျိုးဆက်အနေနဲ့ နိုင်ငံတကာ အ‌ကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ နောက်ဆုတ်သွားခဲ့ကြတာကြောင့် ပြီးခဲ့တဲ့ သီတင်း သုံးလေးပတ်အတွင်း မြန်မာ့စီးပွားရေးလည်း လှုပ်ခါသွားခဲ့ရတာပါ။ ဒီလို အခြေအနေဟာ အားသစ်လောင်းစ မြန်မာ့စီးပွားရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ စီးပွားရေးတင်မက လူမှုရေးနဲ့ပညာရေးအထိ အပျက်သဘော ရိုက်ခတ်မှုတွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲကစပြီး၊ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို အဓိက ထားခဲ့ပါတယ်။ လုပ်ငန်းခွင် နဲ့ သုတေသန ပိုင်းကို အလေးထားခဲ့တာပါ။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ အထိ NESP လို့ ခေါ်တဲ့ အမျိုးသား ပညာရေးမဟာဗျူဟာ စီမံကိန်းကို ထုတ်ပြန်ဆောင်ရွက်ခဲ့တာပါ။ မူကြိုကနေ အထက်တန်း ပညာရေးအထိ အသေးစိတ် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဆရာတွေအတွက် လေ့ကျင့်သင်ကြားရေး သင်တန်းတွေ၊ နိုင်ငံတကာနဲ့ ဒေသတွင်းမှာ အကျယ်အပြန့် ချမှတ်သင်ပြနေတဲ့ သင်ရိုးသစ်တွေ အပါအဝင် အဓိကကျတဲ့ အပြောင်းအလဲတွေ ဆောင်ရွက်ခဲ့ပါတယ်။ အီးယူ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ဩစတေးလျ၊ ဂျပန် နဲ့ နိုင်ငံတကာ အလှူရှင်အများက ထောက်ပံ့ခဲကြသလို၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ယူနက်စကိုအဖွဲ့ ကလည်း ပညာရေးပြောင်းအလဲမှာ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။

teachers.jpg
မေလ ၁၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတခုမှာ ပါဝင်နေတဲ့ ဆရာမများကို တွေ့ရစဉ်။(Photo: AFP)



အဆင့်မြင့်ပညာကဏ္ဍမှာ စကောလားရှစ် ခေါ် ပညာတော်သင်၊ ပညာရေးဆု၊ လေ့လာရေး ခရီး စတာတွေ ပါဝင်ပါတယ်။ သုတေသနဟာ တက္ကသိုလ်တွေရဲ့ အသက်ဖြစ်ပါတယ်။ မြန်မာတက္ကသိုလ်တွေမှာတော့ လက်ရှိသုတေသနအခြေအနေက အားနည်းနေဆဲဖြစ်ပါတယ်။ သင်ရိုးအပြောင်းအလဲမရှိ၊ ပစ္စည်းပစ္စယ မပြည့်စုံ၊ နိုင်ငံတကာနဲ့လည်း ထိတွေ့မှု နည်းပါး စစ်အုပ်ချုပ်ရေးအောက်မှာ ပညာရေး လွတ်လပ်ခွင့်ကလည်း ပိပြားနေရတာဖြစ်ပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲရလာဒ်ကို ငြင်းပယ်၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ဖမ်းဆီးခဲ့တဲ့အပေါ် နိုင်ငံတကာ ပညာရေးဆိုင်ရာ အမှုဆောင်အဖွဲ့ က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အဖွဲ့ရဲ့ ဧပြီလ ၂၃ ရက်နေ့ မှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်‌မြောက် စည်းဝေးပွဲမှာ ရှုတ်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ရလာဒ်တွေကို လေးစားအသိအမှတ်ပြုဖို့၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွဲတာတွေ ရပ်တန့်ဖို့၊ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပညာရေးဆိုင်ရာဝန်ထမ်းတွေ အနည်းဆုံးတစ်ရာဝန်းကျင်ကို အမြန်ပြန်လွှတ်ဖို့လည်း ဆော်ဩလိုက်ပါတယ်။

ပညာရေးဝန်ထမ်းတွေနဲ့ အရပ်ဘက်ဝန်ထမ်းတွေကို တအိမ်တက်ဆင်း လိုက်လံ ဖမ်းဆီးနေတာကြောင့် ဝန်ထမ်းတွေ ပုန်းအောင်းနေကြရပါတယ်။ မြန်မာနိုင်ငံ အခြေခံပညာနဲ့ အထက်တန်းပညာဆိုင်ရာ ဆရာများဖက်ဒရေးရှင်းအဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေ အတော်များများလည်း လွဲမှားတဲ့ စွဲချက်ပုဒ်မတွေနဲ့ ဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာအကြံပေး ဒေါက်တာ ရှောင်တားနဲကိုလည်း ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

teachers-cdm.jpg
ဖေဖော်ဝါရီလအစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတခုမှာ ပါဝင်နေတဲ့ တက္ကသိုလ်ဆရာမများကို တွေ့ရစဉ်။(File Photo/Reuters)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ပိုမိုပြင်းထန်တဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူတာတွေ ချမှတ်ဆောင်ရွက်ဖို့၊ နိုင်ငံတကာအစိုးရတွေကလည်း မြန်မာစစ်အစိုးရအပေါ် စီးပွားရေးဖိအားအပါအဝင် နည်းလမ်းမျိုးစုံ အသုံးပြုကြဖို့၊ နိုင်ငံတကာ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်း ဆိုင်ရာအစိုးရတွေကို မြန်မာ့ပညာရေးမှာ ကြားဝင်ဆောင်ရွက်ကြဖို့၊ နိုင်ငံတကာပညာရေးအဖွဲ့ရဲ့ မြန်မာဆိုင်ရာ ရန်ပုံငွေမှာ ထည့်ဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဧ‌ပြီလ ၁၆ ရက်နေ့က ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် David Edwards နဲ့ တွေ့ဆုံပြီး၊ မြန်မာ့ပညာရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ့ပညာရေးအပေါ်  ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နိုင်ငံတကာကို ဆော်ဩလိုက်ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့အပေါ် ရှုတ်ချကြောင်း ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေးအပေါ် လေးစားမှုတွေ ထွန်းကားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒီအတွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ အားသန်နေကြတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ အကြမ်းဖက်အင်အားသုံး ဖြိုခွဲမှုတွေ ပိုမိုပြင်းထန်လာဖွယ် ရှိနေတာကြောင့် သတိနဲ့ ဆောင်ရွက်ကြဖို့နဲ့ ကျောင်းစိမ်းလုံခြည်ကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ၊ စနိုက်ပါ သေနတ်သမားတွေရဲ့ အလွယ်တကူ ပစ်ခတ်ဖမ်းဆီးခံရနိုင်ကြောင်း မြန်မာ့ပညာရေးသမဂ္ဂက ဆော်ဩ သတိပေးထားပါတယ်။

အခုအခါ ကျောင်းဆရာတချို့က စစ်အစိုးရ ချမှတ်ပြဌာန်းထားတဲ့ သင်ရိုးတွေကို အသုံးမပြုတော့ဘဲ တခြားသင်ရိုးတွေကို စတင် ပြောင်းလဲဖို့ စီစဉ်နေကြကြောင်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့