ထန်းတပင်မှာ ရှစ်လအရွယ် ကလေးငယ်အပါအဝင် ဒေသခံသုံးဦး ကျည်ထိမှန်သေဆုံး
2023.01.17

ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ ရွာသာယာရွာမှာ ဇန်နဝါရီလ ၁၇ ရက် မနက် ၁၁ နာရီ ဝန်းကျင်က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ဝင်းတို့ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့သလို နောက်ထပ် ရှစ်လသား အရွယ် ကလေးငယ်တစ်ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးစိုးနိုင်နဲ့ ဦးခင်မောင်ဝင်းတို့ ကားနဲ့အတူသွားချိန်မှာ ဘေးကကားတစ်စီးက သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။
ဒီပစ်ခတ်မှုကြောင့် လမ်းဘေး ခြံဝင်းထဲက အသက် ရှစ်လအရွယ် မောင်ဘုန်းသူရနိုင် လည်း ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
“အစ်မအနေနဲ့တော့ ဘယ်သူ့မှတော့ အပြစ်မတင်ချင်ပါဘူး။ မိသားစုတွေအနေနဲ့တော့ စိတ်မကောင်းဖြစ်ရတာပေါ့။ အစ်မတို့ဘက်က အေးချမ်းတယ်။ ဒါမျိုး တစ်ခါမှ မဖြစ်ဖူး ဘူး။ ကားမောင်းရင်းနဲ့ ဆက်တိုက်ပစ်တာဆိုတော့ မသေသင့်တဲ့ကလေးပါ သေရတာ ပေါ့။ နေပြည်တော်အထိသွားတာပဲ သွေးထွက်လွန်နေတော့ အသက်မမီလိုက်ဘူး”
ကျည်ထိမှန်ပြီးနောက် မောင်ဘုန်းသူရနိုင်ကို ထန်းတပင်မြို့နယ်ဆေးရုံကနေ တောင်ငူ မြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ အဲ့ဒီကတစ်ဆင့် နေပြည်တော် ခုတင်တစ်ထောင် ဆေးရုံကို အရောက်မှာ သေဆုံးခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ Save The Trees လူမှုကူညီရေး အသင်းက ပြောပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ PDF တွေဟာ စစ်ကောင်စီရဲ့ ထောက်တိုင် တွေ ဖြစ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။