ဖားကန့်က အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူ ရှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အမျိုးသမီး ခုနစ်ဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း ရှစ်ဦးကို ဖားကန့်မြို့နယ် တရားရုံးကနေ စက်တင် ဘာ ၂၀ ရက် မနေ့က ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။
အခုထောင်ချခံရသူတွေဟာ ၂၀၂၂ ဇူလလိုင် ၁၃ ရက်မှာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ (ဆိုင်းတောင်) မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းထွက် ဆန္ဒပြခဲ့ပြီး ဆန်းကြွယ်ကျေးရွာကို ကားနဲ့ အပြန်လမ်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတာပါ။
သူတို့ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရပြီးနောက် နှစ်လဝန်းကျင် အကြာမှာပဲ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာလို့ သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
“အမျိုးသမီး ခုနစ်ဦးကို (၅၀၅) ကနဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ ခြောက်လစီ ချလိုက်တယ်။ အမျိုးသားကိုတော့ ထောင်ဒဏ်နှစ်နှစ်နဲ့ ခုနစ်လ ချလိုက်တယ်။ အခုသူတို့ အားလုံး ဖားကန့်မြို့မရဲစခန်းမှာပဲ ရှိနေသေးတယ်”
ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အသက် ၄၅ နှစ်အရွယ် ဒေါ်မာမာလင်း၊ အသက် ၆၄ နှစ် အရွယ် ဒေါ်ခင်တိုး၊ အသက် ၅၆ နှစ်အရွယ် ဒေါ်သန်းငွေ၊ အသက် ၅၀ အရွယ် ဒေါ်ဌေးဌေးခိုင်၊ အသက် ၃၀ အရွယ် ဒေါ်စန္ဒာရွှေသိန်း၊ အသက် ၄၁ နှစ်အရွယ် ဒေါ်မြင့်မြင့်သန်း၊ အသက် ၃၀ အရွယ် ဒေါ်ခင်လဲ့နဲ့ ကားမောင်းလိုက်ပို့သူ အသက် ၄၅ နှစ်ရွယ် ဦးသိန်းထွန်းတို့ဖြစ်တယ်လို့ သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ဦးသိန်းထွန်းကို ကားလိုင်စင်မဲ့ မောင်းနှင်မှုနဲ့ ပို့ကုန်သွင်းကုန်း ဥပဒေ ပုဒ်မ(၈) အရ ထောင်ဒဏ်တစ်လ၊ ကားထဲမှာ ပစ္စတို သေနတ်လည်း တွေ့တဲ့အတွက် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉(စ)အရ ထောင်ဒဏ်တစ်နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အရ ထောင်ဒဏ် တစ်နှစ်နဲ့ခြောက်လ စုစုပေါင်း ထောင်ဒဏ် နှစ်နှစ်နဲ့ ခုနစ်လချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြလို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ချမှတ်ခံရသူပေါင်း ၅၀ ဝန်းကျင်ရှိလာပြီလို့ ဆန္ဒပြနေသူတွေက ပြောပါတယ်။