အလုံမြို့နယ်မှာ လူငယ် ရှစ်ဦးအဖမ်းခံရ
ရန်ကုန်တိုင်း၊ အလုံမြို့နယ် ဆင်မင်းလမ်းနဲ့ ငုဝါလမ်းထောင့်မှာရှိတဲ့ လူနေတိုက်တစ်လုံးကို သြဂုတ်လ ၃၁ ရက်နေ့ ညမှာ စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ရာကနေ လူငယ်ရှစ်ဦး အဖမ်းခံရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီလူငယ်တွေဟာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
"တိုက်အပေါ်ဆုံးထပ်ကို ပစ်ပြီးဝင်ဖမ်းတာ ခြောက်ယောက်က အခန်းထဲမှာ မိသွားတယ်။ ကျန်တဲ့ နှစ်ယောက်က ပြတင်းပေါက်ကနေ ခုန်ချသွားတာ။ သူတို့ကိုလည်း အောက်မှာ မိသွားတယ်။ အဲတိုက်ကိုက ဧည့်စာရင်းနဲ့လာတာ မဟုတ်ဘူးဗျ။ သတင်း အတိအကျရလို့ အဲနေရာကို ချန်ပြီး အခြားနေရာတွေကို ဧည့်စစ်ပြီးမှ ဝင်ဖမ်းတာ"
အဲဒီလူငယ်တွေရဲ့အမည်နဲ့ အသက်အရွယ်ကို မသိရသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် ဒဏ်ရာရသူရှိနိုင်သလို ခုန်ချသွားတဲ့သူနှစ်ဦးဟာလည်း ပြန်မထနိုင်တော့ဘဲ အဖမ်းခံရတာလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အခုနောက်ပိုင်းမှာ သပိတ်အင်အားစုတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ ခပ်စိတ်စိတ် လုပ်ဆောင်လာနေတယ်လို့ သပိတ်အင်အားစု လူငယ်တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း APPP ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ထိ ဖမ်းဆီးခံထားရသူ ၁၂၂၁၉ ဦးရှိပြီး အဲအထဲက ၁၄၂၅ ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။