မဲရုံတွေအလိုက် မဲစာရင်းပြုစုရေး စစ်ကောင်စီ စတင်ပြင်ဆင်
2025.01.09

စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ သတ်မှတ်မဲရုံတွေအလိုက် မဲစာရင်းပြုစုနိုင်ရေးနဲ့ အိမ်ထောင်စု အမှတ်စဉ်တွေ ဖြည့်သွင်းနိုင်ရေးအတွက် ပြင်ဆင်နေကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဇန်နဝါရီလ ၉ ရက်နေ့မှာ ဖော်ပြပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲကော်မရှင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ဗဟိုကော်မတီက ပေးပို့လာတဲ့ လူဦးရေစာရင်းတွေကို ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) မှာ ထည့်သွင်းထားပြီလို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဇန်နဝါရီလ ၈ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ မဲစာရင်းပြုစုရေး အစည်းအဝေးမှာ ပြောပါတယ်။
မဲစာရင်းကို စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးပို့တဲ့ အခြေခံ လူဦးရေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးပို့တဲ့ လူဦးရေစာရင်း နှစ်ခုကို အခြေခံပြီး ပြုစုထားတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခု ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာတာပါ။
စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အတိုက်အခံ အင်အားစုတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ထားပါတယ်။
နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မထောက်ခံဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်လွင့်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်မှာ ထည့်သွင်းပြောဆိုပါတယ်။
"ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားကြတဲ့ နိုင်ငံတွေအနေနဲ့ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် တရားဝင်မှုမရှိတဲ့ ရွေးကောက်ပွဲအမည်ခံ လုပ်ပွဲကို အားမပေးခြင်းအားဖြင့် မိမိတို့ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို စောင့်ထိန်းကြဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်"
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖိတ်ခေါ်မယ်လို့ ပြောဆိုထားပြီး အိမ်နီးချင်းနိုင်ငံတချို့က ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ဖို့ ရှိနေတာပါ။
နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ ရှိတဲ့အထဲက လုံခြုံရေးစိတ်ချရတဲ့ မြို့နယ် ၁၆၁ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်နိုင်မယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ တချို့က ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမရှိဘဲ မပြေလည်နိုင်ကြောင်းနဲ့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။