ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်တော့မည်
2024.09.03
စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းက စက်တင်ဘာ ၂ ရက် မနေ့က ဖော်ပြပါတယ်။
နိုင်ငံအနှံ့အပြား ပြင်းထန်တဲ့ စစ်ရေးပဋိပက္ခတွေဖြစ်နေချိန်မှာ အထွေထွေရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ကောင်စီက စီစဥ်နေတာလို့ ရေးသားထားပါတယ်။
အခုကောက်မဲ့ သန်းခေါင်စာရင်းက အချက်အလက်တွေကို လာမဲ့နှစ် ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ အသုံးပြုမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်က စက်တင်ဘာလ ၁ ရက်နေ့မှာ ပြောတယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဥ်ကို နိုင်ငံတကာအသိုက်အဝန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေက ရှုတ်ချသင့်ကြောင်း ထုတ်ပြန်ထားတယ်လို့လည်း သတင်း မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇောက “စစ်အစိုးရဟာ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ချက်ရှိပြီး သန်းခေါင်စာရင်းကောက်တဲ့ အကြောင်းပြချက်နဲ့ သူတို့ အကြမ်းဖက်လုပ်ငန်းတွေလုပ်ရာမှာ အသုံးပြုမဲ့လူတွေရဲ့ အချက်အလက်ကို စုဆောင်းနေတာဖြစ်ပါတယ်” လို့ ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားထားပါတယ်။