ပြည်ပသတင်းထောက်တွေရဲ့ ရွေးကောက်ပွဲ သတင်းပေးပို့ချက်များ
2010.11.07
ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်မှာ မဲရုံတရုံကို လူဦးရေ တထောင်စီသာ မဲပေးဖို့ သတ်မှတ်ထားပါတယ်။ မဲပေးတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မဲရုံကို စောင့်ကြည့်နေတဲ့ ကိုမြင့်မောင် က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။
“ရွှေပြည်သာမှာကျတော့ လုံခြုံရေးအပိုင်းက ပြည်သူ့စစ် ရှိတယ်၊ ရဲရှိတယ်၊ မီးသတ်ရှိတယ်။ နောက်ပြီးတော့ ရယက ရှိမယ်၊ အကုန်လုံး ၁၅ ဦးလောက် ရှိတယ်ပေါ့နော်။ အကွာအဝေးကတော့ ၁၀ ကိုက် လောက်မှာ ချထားတယ်။ မဲရုံတွင်း အခြေအနေကတော့ ဆန္ဒမဲ ပေးတဲ့အခန်းက လုံခြုံမှု မတွေ့ ရဘူးခင်ဗျ။ မဲရုံ တာဝန်ရှိသူတွေက မဲပေးနေတဲ့အချိန်မှာ လာပြီး ကြည့်နေတဲ့ အပေါ်မှာ မဲပေးတဲ့သူတွေ လွတ်လပ်မှု မရှိဘူး။ ကျန်တဲ့ နေရာတွေမှာလည်း အလားတူ ပုံစံတွေပါပဲ ခင်ဗျ”
မြိတ်မြို့နယ် အတွင်းမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေက မဲရုံအနီးမှာ သူတို့ရဲ့ ပါတီတံဆိပ်ပါ ဝတ်စုံတွေ ဝတ်ဆင်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ စည်းရုံး ပြောဆိုတာတွေ ရှိနေသလို တချို့ကျေးရွာတွေက မဲရုံတွေမှာ မဲလာပေးသူတွေကို သူတို့ပါတီ အမှတ်တံဆိပ်ပါတဲ့ အင်္ကျီတွေ ဝေငှပြီး မဲဆွယ်နေတယ်လို့ စောင့်ကြည့်နေသူတဦးက ပြောပါတယ်။
“ဘုရားကန်ရပ်ကွက် မဲရုံအမှတ် ၅၊ ၆ ကိုက် ၂၀ အကွာမှာ ကြံ့ခိုင်ရေးက အမျိုးသမီး ငါးဦးက ဝတ်စုံပြည့် ဝတ်ပြီး ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့၊ ခြင်္သေ့ကို အမှတ်ခြစ်ပေးဖို့ မဲဆန္ဒရှင်တွေကို စည်းရုံးနေတာ တွေ့ရတယ်။ နောက်ပြီးတော့ မဲရုံအမှတ် ၂၄၊ ၃၀၊ ရေနံမြေရပ်ကွက်၊ ကြံ့ခိုင်ရေးကို မဲပေးဖို့ မဲဆွယ်နေတာ တွေ့ရတယ်။ နောက်တခုက မဲရုံအမှတ် ၂၀ မြို့သစ်။ နောက်တခုက မဲရုံအမှတ် ၆ ချောင်းပြူ။ ကြံ့ခိုင်ရေး အင်္ကျီတွေကို မဲလာထည့်တဲ့သူတွေကို လက်ဆောင်ပေးနေတာ တွေ့တယ်၊ မဲရုံနဲ့ မနီးမဝေးမှာ”
မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ခလွယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှာ မဲလာထည့်သူတွေရဲ့ မဲစာရင်းတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ တောင်းယူပြီး သူတို့ပါတီအတွက် မဲခြစ်ပေးနေတာတွေ ရှိသလို မဲရုံ ဝန်ထမ်းတွေ ကိုယ်တိုင် မဲလာထည့်သူတွေကို ပြောဆိုစည်းရုံတာတွေ လုပ်နေတယ်လို့ မွန်ပြည်နယ်အတွင်းက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ ကိုနိုင်ကဆော့မွန် က အာအက်ဖ်အေ ကို ပြောပါတယ်။
“ကျိုက်မရောမြို့နယ်မှာကျတော့ ပါတီ ကိုယ်စားလှယ်လောင်းတွေကို မဲရုံထဲ မပေးဝင်ခိုင်းဘူးလို့ ကြားရတယ်။ မဲရုံထဲမှာ သူတို့ ဘာတွေ လုပ်နေလဲဆိုတာ ကိုယ်စားလှယ်တွေ သိသွားမှာစိုးလို့ ထင်တယ်။ နောက် ချောင်းဆုံမြို့နယ် ဘက်မှာကျတော့ မွန်ပါတီအတွက် ပေးတဲ့မဲတွေ လိုက်ဖျက်နေတယ်လို့ ကြားတယ်။ အဲ့ဒီ အစား ဒီ ကြံ့ခိုင်ရေးပါတီ မဲတွေ လိုက်ရေးပြီးတော့ ထည့်နေတယ်လို့ ကြားတယ်။ အဲ့ဒီ ကျိုက်မရောမြို့နယ် မှာရော ဒီ မုဒုံမြို့နယ်မှာပါ မဲလာထည့်တဲ့လူတွေကို မဲရုံစောင့်တွေက ကြံ့ခိုင်ရေးပါတီကိုပဲ မဲထည့်ဖို့ သူတို့က ပြောတယ် စည်းရုံးတယ်။ ရေးမြို့နယ် တောင်ဘက်ပိုင်းမှာတော့ လူတွေ များသောအားဖြင့်ကတော့ ကြိုတင်မဲတွေ ယူထားပြီးသား ဖြစ်တယ်။ နောက် မဲလာပေးတဲ့ လူတွေလည်း အနည်းအကျဉ်းပဲ ရှိတယ်။ မဲလာပေးမယ်ဆိုလည်း ကြံ့ဖွံ့ပါတီပဲ ပေးရမယ် သူတို့ အမိန့်ထုတ်ထားတာ”
ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲမှာတော့ စကခ (၁၉) လက်အောက်ခံ အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ချို က ကရင်ကျေးရွာ ၁၂ ရွာကျော်က ရွာသားတွေကို ဆင့်ခေါ်ပြီး မဲထည့်ခိုင်းနေပေမယ့် ဒေသခံ ပြည်သူတွေက သွားမထည့်ကြဘူးလို့ သိရပါတယ်။
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ညောင်လိန် ကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မဲပေးဖို့ မဲရုံကိုသွားတဲ့ ဒေသခံ ရွာသားတချို့ဟာ ရပ်ကွက်ရုံးတွေမှာ ကပ်ထားတဲ့ မဲပေးခွင့်ရှိသူ စာရင်းတွေထဲ သူတို့နာမည် မပါတာကြောင့် မဲပေးလို့ မရခဲ့ဘူးလို့ ဒေသခံ ဦးသောင်းအေးက အာအက်ဖ်အေကို ပြောပါတယ်။
“ကျနော်တို့ ညောင်လိန်ကျေးရွာအုပ်စုက အိမ်ခြေ တထောင့် ငါးဆယ့်လေး ရှိတယ်။ ကျနော်တို့ (၆) ရပ်ကွက် မှာက အိမ်ခြေ ၁၆၀ ရှိတယ်။ အဲ့ဒါ မဲမပါတာ ၄၃ အိမ် လူက ၈၅ ယောက်။ မြို့နယ် ကော်မရှင်ကို သွားတိုင်တော့ သူက သူတို့ မေ့လို့ဖြစ်မှာပေါ့ဗျာ တဲ့။ ခင်ဗျားတို့လည်း အဲ့ဒါ ကြေအေးလိုက်ပါတဲ့။ အဲ့ဒီလို ပြောတယ်။ မြို့နယ်ကော်မရှင် ဥက္ကဌ ဦးဝင်းမောင်။ (၅) ရပ်ကွက်က ၈ ယောက် မပါတာ။ (၄) ရပ်ကွက်က တယောက်ပဲ ရှိတယ်။ ကျနော်တို့ရပ်ကွက် အများဆုံးပဲ။ မပေးခဲ့ရဘူး ဘယ်သူမှ။ ကျနော်တို့လည်း သူတို့နား မသွားရဲဘူး။ တော်ကြာ လုပ်ငန်းနှောက်ယှက်မှုနဲ့ တရားစွဲမှာ စိုးလို့။ ရဲတွေလည်း ရှိတယ်”
မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်အတွင်းက မဲရုံတရုံမှာတော့ မဲလာထည့်သူတွေကို မခြေမငံ ပြောဆိုတာကြောင့် တချို့က မဲမထည့်ဘဲ ပြန်သွားကြတယ်လို့ သိရပါတယ်။
အောင်မြေသာဇံ မြို့နယ်မှာရှိတဲ့ မဲရုံ တာဝန်ကျသူတွေဟာ မဲရုံကို စနစ်တကျ ပြင်ဆင်ထားတာ မရှိသလို မဲလာထည့်တဲ့သူတွေကိုလည်း မခြေမငံ ပြောဆိုဆက်ဆံတာကြောင့် မဲမထည့်ဘဲ ပြန်သွားကြတယ်လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ မန္တလေးမြို့ခံတယောက်က အာရ်အက်ဖ်အေကို ပြောပါတယ်။
“မဲထည့်တဲ့အခါမှာ မဲရုံမှူးတွေ စနစ်တကျ မရှိဘူးပေါ့ဗျာ။ မဲဆန္ဒရှင်တွေကို စနစ်တကျ ထားမပေးဘူး။ ထားမပေးတော့ လူတွေက စောင့်ရတာပေါ့၊ သူတို့ကလည်း ပြန်ပြီးတော့ လူတွေက မဲထည့်တဲ့အခါမှာ စနစ်တကျ မရှိဘူး ဘာညာ ဆိုပြီးတော့ စကားပြောတဲ့အခါ ရိုင်းရိုင်းစိုင်းစိုင်း ပြောတာပေါ့ဗျာ ကျနော်တို့ဘက်ကလည်း မကျေနပ်ဘူးပေါ့ဗျာ၊ ပြန်ထွက်လာတာပေါ့။ တချို့လည်း မဲမထည့်ဘဲ ပြန်သွားတာပေါ့ မဲဆန္ဒရှင်က မကျေနပ်ဘူး။ မဲရုံမှူးက ပြောတာမဟုတ်ဘူး၊ အဲဒီအထဲမှာရှိတဲ့ လုပ်အားပေးတဲ့ ပုဂ္ဂိုလ်တွေ”
မန္တလေးမြို့မှာ ဒီကနေ့ မွန်းလွဲပိုင်းအထိ မဲရုံတွေမှာ မဲလာထည့်သူတွေ နည်းနေသလို မဲထည့်တဲ့ သူတွေကလည်း သူတို့ထည့်ရမယ့် ပါတီကို တိတိကျကျ မသိဘူးလို့ မဲရုံ ၂၃ ရုံရဲ့ အခြေအနေကို လေ့လာကြည့်ခဲ့တဲ့ NLD လူငယ် ဒုတိယခေါင်းဆောင် ကိုလှဦးက အာရ်အက်ဖ်အေကို ပြောပြပါတယ်။
“ထည့်တဲ့လူက တော်တော် နည်းပါတယ်။ အင်အား တွေ့ရလားဆို မကင်းရာမကင်းကြောင်း၊ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း၊ သူတို့ ဖိအားပေးတာကို မခံချင်တဲ့ မိန်းကလေးတွေ။ အသက်ပြည့်ပြီးစ လူငယ်ပိုင်းတွေ အဲဒါတော့ထည့်တယ်။ လူကြီးပိုင်းနဲ့ တကယ့် အသိရှိတဲ့ လူတွေကတော့ အခုအချိန်အထိ သိပ်မတွေ့ရသေးဘူး။ ထည့်လာတဲ့လူတွေကို မေးကြည့်တော့ သူတို့က ထည့်ရမယ့် ရည်ရွယ်ချက် နည်းနေပြီးတော့ သူတို့က အဲဒီ မဲပေးလိုက်ရတာကို ဒေါ်စုထင်လို့ ပေးလိုက်ရတာတဲ့။ ပါတီက ထင်ယောင်ထင်မှား ဖြစ်အောင် မလုပ်ခဲ့ရင် မပေးပါဘူးတဲ့။ သူတို့မှာ ဒီလို မဲပေးလိုက်ရတဲ့အတွက် နစ်နာမှု ဖြစ်သွားပါတယ်တဲ့ အဲလိုတော့ ပြောတယ်”
မန္တလေးမြို့ တချို့နေရာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲရုံရှေ့ အဝကနေ စောင့်ပြီး သူတို့ပါတီကိုပဲ မဲထည့်ဖို့ စည်းရုံးပြောဆိုတာတွေ ရှိတယ်လို့ သိရပါတယ်။
မကွေးတိုင်း စကုမြို့မှာ မဲဆန္ဒရှင်တွေက မဲရုံမှာ တာဝန်ယူနေတဲ့ ရွေးကောက်ပွဲကော်မရှင်က လူတွေကြောင့် ကိုယ်ကြိုက်တဲ့ပါတီကို မဲမထည့်နိုင်ဘူးလို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ပါတီက တရားစွဲမယ် လို့လည်း သိရပါတယ်။
မဲထည့်ဖို့ မဲရုံမှာ စောင့်နေတဲ့ ကော်မရှင်ဝန်ထမ်းကို အကူအညီ တောင်းတဲ့အခါ အဲဒီဝန်ထမ်းက မဲဆန္ဒရှင်ရဲ့ ဆန္ဒအတိုင်း ထည့်မပေးဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုပဲ ထည့်လိုက်တယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ၊ အမျိုးသား မဟာမိတ်အဖွဲ့ချုပ်ပါတီ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးညွန့်ဝေက အာရ်အက်အေကို ပြောပြရာမှာ
“အဖွားကြီးတယောက်က ထွက်လာတယ်ဗျ။ အသက် ၆၇ နှစ်ရှိပြီ။ သူ့နာမည်က ဒေါ်ခင်လို့ ခေါ်တယ်။ သူ့ရဲ့ မှတ်ပုံတင်နံပါတ်က ၁၅၁၅၈၇ ဗျ။ သူက မောင်ညွန့်ဝေတဲ့။ ကျနော်တို့ ပါတီရဲသင်္ကေတပေါ့ ကြယ်ဖြူကြီးကို ထည့်မလို့တဲ့။ မျက်စိက မှုန်တဲ့အခါကျတော့ မဲရုံမှာလုပ်တဲ့ ကော်မရှင်အဖွဲ့ထဲက ကလေးကို ငါ့ကို ကြယ်ဖြူကြီးကို ခြစ်ပေးပါပေါ့။ အဲလို ပြောတဲ့အချိန်မှာ သူက ခြင်္သေ့ကို ခြစ်လိုက်တယ်။ ငါက ကြယ်ဖြူကို ခြစ်ချင်တာ ခြင်္သေ့ကို မဟုတ်ဘူး အဲလိုပြောတာပေါ့။ အဲလိုပြောတော့ ဟာ- အမေကြီး ဘာမှမပူနဲ့ ဖြစ်တယ်ဖြစ် တယ်၊ လာလာ၊ ဒီလိုနဲ့ပဲ ပြီးသွားတာပေါ့”
အဲဒီလိုပဲ နောက်ထပ် အသက် ၅၀ ကျော် အမျိုးသမီးတယောက်ကလည်း လက် မသန်စွမ်းတဲ့အတွက် မဲရုံ တာဝန်ရှိသူကို အကူအညီ တောင်းတဲ့အခါ အဲဒီ အမျိုးသမီး ထည့်ချင်တဲ့ ဦးညွန့်ဝေပါတီကို မဲခြစ်မပေးဘဲ တစည ပါတီကိုဘဲ မဲခြစ်ပေးလိုက်တယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြန်လည် တရားစွဲဖို့ သက်ဆိုင်ရာ ကော်မရှင်ရုံးကို တိုင်ကြားထားပြီး ရဲက စုံစမ်း စစ်ဆေးတာတွေ ရှိပေမယ့် အခုထိ ထူးထူးခြားခြား မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။
ပဲခူးတိုင်း ပြည်မြို့ ရပ်ကွက်တခုမှာတော့ မဲပေးရမယ့် စာရင်းတွေ မှားယွင်းနေတာကြောင့် ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် လူကြီးတွေနဲ့ အရပ်သား ငါးဆယ်လောက် မဲရုံမှာ အခြေအတင် စကားများခဲ့ကြတယ်လို့ ပြည်မြို့ခံတဦးက ပြောပြပါတယ်။
နတ်တလင်းမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီက မသမာမှုတွေလုပ်နေတယ်လို့ မဲရုံ အခြေအနေကို စောင့်ကြည့်နေတဲ့ မြို့ခံတဦးက ပြောပါတယ်။
“ပဲခူးတိုင်း အနောက်ခြမ်း နတ်တလင်းမှာ ကြံ့ဖွံ့ကနေပြီးတော့ ကြိုတင်မဲတွေ ယူပြီးတော့ အတင်းအဓမ္မ ထည့်ခိုင်းပြီးတော့ အတင်းမဲတွေကို ယူပြီးနေကြတယ်။ ကျနော်တို့ဆီက မဲပေးတဲ့သူကတော့ နည်းတယ်။ ဒါပေမယ့် သူတို့က ကြိုတင်မဲနဲ့ အနိုင်ရအောင် လုပ်နေတယ်။ ကျနော်တို့ကြားတဲ့ သတင်းအရပေါ့လေ ဌာနဆိုင်ရာတွေရဲ့ အကုန်လုံးကို ကြံ့ဖွံ့ပါတီကို မဖြစ်မနေ မဲပေးရမယ် ဆိုပြီးတော့ ဖိအားပေးပြီးတော့ အတင်း မဲပေးခိုင်းတယ်။ အခုကျတော့ ဘယ်လို ပြဿနာတက်လဲ ဆိုတော့ ကျနော်တို့မြို့မှာ ကြံ့ဖွံ့နဲ့ တစည နဲ့က အဆင်မပြေကြဘူး ဖြစ်နေတယ်။ မဲရုံတွေမှာလည်း သူတို့ ဘယ်လိုလုပ်လဲဆိုတော့ လူတွေကို အစားအသောက်တွေနဲ့ မြူဆွယ်ပြီး ခိုင်းတယ်။ လာတဲ့လူတွေကိုလည်း ကြံ့ဖွံ့ကို မဲပေးဖို့ ဆိုပြီးတော့ ရဝတ တွေက အတင်းအဓမ္မ လုပ်နေတယ်။ ကော်မရှင်မှာ ပါတဲ့သူတွေက ရဝတ တွေဖြစ်နေတယ်။ တချို့ မဲစာရင်းတွေမှာ ဆိုလို့ရှိရင် နာမည်တွေ မပါတာလည်း ရှိတယ်။၊ တော်တော်လေးတော့ ဆိုးဝါးနေတယ်။ ဆိုးဝါးတယ်ဆိုတာ ဘယ်လိုဖြစ်လဲ ဆိုတော့ ကြက်ခြံကို မြေခွေး စောင့်ခိုင်းသလို ဖြစ်နေတယ်။ အခုဟာက ကြက်ခြံကို မြေခွေးစောင့်ခိုင်းသလို မဟုတ်တော့ဘူး။ မြေခွေးက ကြက်ခြံထဲ ဝင်ပြီးတော့ ကြက်တွေပါ အကုန်လုံး သမနေတဲ့ပုံ၊ အဲလို ဖြစ်နေတယ်။ တော်တော်လေး အခြေအနေ ဆိုးတယ် နတ်တလင်းမြို့ရဲ့ အခြေအနေကတော့။ ဒီ ကြံ့ဖွံ့ရဲ့ မတရားလုပ်နေတဲ့ဟာက”
ပဲခူးတိုင်း မင်းလှမြို့နယ်နဲ့ ဇီးကုန်းမြို့နယ် တွေမှာတော့ မဲလာပေးသူ အရေအတွက် တော်တော် နည်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပဲခူးတိုင်း အနောက်ဘက်ခြမ်းက မိုးညို၊ လက်ပံတန်းနဲ့ သာယာဝတီ မြို့တွေမှာလည်း မဲထည့်သူ ဦးရေ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး စပါးနှံလို့ အဲဒီဒေသတွေ ခေါ်ဆိုနေကြတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကို အများဆုံး မဲပေးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်နဲ့ ကချင်ပြည်နယ် မိုးညင်းမြို့နယ်တွေမှာ မြန်မာစံတော်ချိန် ၄ နာရီခွဲလောက်က ရွေးကောက်ပွဲကော်မရှင်က မဲရေတွက်လို့ ရရှိလာတဲ့ စာရင်းအရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဖြစ်တဲ့ ကျားဖြူပါတီ အနိုင်ရနေတယ်လို့ သိရပါတယ်။