စက်ရုံတွေ တစ်နေ့လုံး လျှပ်စစ်ရရင် မီတာခ သုံးဆပေးမယ်ပြောပေမယ့် မပေးနိုင်ခဲ့

RFA Burmese
2023.12.19
စက်ရုံတွေ တစ်နေ့လုံး လျှပ်စစ်ရရင် မီတာခ သုံးဆပေးမယ်ပြောပေမယ့် မပေးနိုင်ခဲ့ ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESC) အနေနဲ့ ရန်ကုန်တိုင်းထဲက စက်မှုဇုန်တွေ မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို လျှပ်စစ်မီး (၂၄) နာရီပေးရင် လျှပ်စစ်မီတာခ မူလနှုန်းထားထက် နှစ်ဆကနေသုံးဆအထိ ပေးဆောင်မယ်လို့ လုပ်ငန်းရှင်တွေက ဇွန်လထဲမှာ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့အနေနဲ့ နိုဝင်ဘာလထဲမှာ ဒဂုံဆိပ်ကမ်းစက်မှုဇုန် အပါအဝင် စက်မှုဇုန်အချို့မှာ လျှပ်စစ်မီး (၂၄) နာရီပေးနိုင်ဖို့ နှစ်ပတ်စမ်းသပ်ခဲ့ပေမယ့် မပေးနိုင်ခဲ့ဘူးလို့ ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှာရှိတဲ့ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"အခု ကျွန်တော်တို့စက်ရုံမှာ လက်ရှိ မီတာတစ်ယူနစ်ကို ၁၂၀ ကျော်ကနေ ၁၅၀၊ ၁၈၀ ပေးနေရတယ်။ သုံးစွဲတဲ့ ယူနစ်အလိုက် စျေးတွေကကွာတယ်။ အဲဒါကို မီး (၂၄) နာရီပေးရင် တစ်ယူနစ်ကို ၅၅၀ ကနေ ၆၀၀ အထိ သုံးဆပေးမယ် ပြောထားတာ။ မရပါဘူး၊ မရဘူးဆိုတာက လာပြီး စမ်းသပ်သေးတယ်လေ။ နိုဝင်ဘာလထဲမှာ နှစ်ပတ်လောက်ကြာတယ်။ မအောင်မြင်ပါဘူး"

စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်တွေဘက်က စတင်တောင်းဆိုခဲ့တာမျိုး မဟုတ်ဘဲ လုပ်ငန်းရှင်တွေကို အဆိုပြု တင်ပြကြဖို့ စစ်ကောင်စီဘက်ကနေ အကြောင်းကြားခဲ့ တာကြောင့် အခုလို တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ စက်ရုံလုပ်ငန်းရှင်တစ်ဦးကတော့ လျှပ်စစ်မီးပုံမှန်မရတဲ့အပြင် စက်သုံးဆီလည်း လိုသလောက်ဝယ်မရတာကြောင့် တချို့စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ထားရတယ်လို့ RFA ကို ပြောပါတယ်။

"လျှပ်စစ်မီးက မလာဘူး မဟုတ်ဘူး၊ လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စက်ရုံအတွက် အလုပ်မဖြစ်ဘူးလေ။ မီတာခတွေ နှစ်ဆ၊ သုံးဆတိုးပြီး ဆောင်ပေးမယ်ပြောတာတောင် လုပ်မပေးနိုင်ကြဘူး။ စက်သုံးဆီဆိုတာကလည်း စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်တိုင်း လိုချင်သလိုရတာ မဟုတ်ဘူး။ ဆိုင်ရာပိုင်ရာရှိတဲ့ လုပ်ငန်းရှင်တွေပဲရတာ။ တစ်လီတာကို ငါးထောင်အထိ ပေးဝယ်ခဲ့ရသေးတယ်။ လျှပ်စစ်မီးနဲ့ တစ်ယူနစ်သုံးရင် တစ်ရာ၊ နှစ်ရာပဲကျတာ၊ စက်သုံးဆီနဲ့ မောင်းသုံးမယ်ဆိုရင် တစ်ယူနစ်ကို တစ်ထောင်ကျော်၊ ၁၂၀၀ လောက်အထိ ကုန်ကျစရိတ်က ရှိသွားတယ်"

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင် စက်ရုံ (၈၁၇) ခုရှိပြီး အဲဒီအထဲက (၅၄၆) ရုံလည်ပတ်နေပေမယ့် ကျန်တဲ့ (၂၇၁) ရုံကတော့ ရပ်ဆိုင်းထားတယ် လို့ ဖော်ပြထားပါတယ်။

လည်ပတ်နေတဲ့ စက်ရုံ (၅၄၆) ရုံထဲက စက်ရုံပေါင်း (၃၁၁) ခုဟာ တရုတ်နိုင်ငံသားတွေ ပိုင်တဲ့ အထည်ချုပ် စက်ရုံတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။