လျှပ်စစ်မီး အချိန်ကြာ ပြတ်တောက်မှု ပြည်သူ့နေ့စဉ်ဘဝကို ထိခိုက်

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ၆၆၈ မဂ္ဂါဝပ်ထုတ်လုပ်နေတဲ့ ရွှေကမ်းလွန် စီမံကိန်းမှာ ပိုက်လိုင်းပြင်ဆင်တာတွေ လုပ်ရမှာဖြစ်လို့ မတ်လ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း အချို့နေရာတွေမှာ ၂၄ နာရီ လျှပ်စစ်မီး ပြတ်တောက်မယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၆ ရက်နေ့က ကြေညာခဲ့တာပါ။
လက်ရှိမှာလည်း ပြည်သူတွေရဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို အပြည့်အဝ မပေးနိုင်တော့ တာကြောင့် အာဏာသိမ်း ကာလတစ်နှစ်အတွင်းမှာ အမှောင်ခေတ်ဆီကို ပြန်ရောက်လာ တာလို့ ပြည်သူတွေက ပြောကြပါတယ်။
ဒါဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဆယ်စုနှစ် တစ်ခု အတွင်းမှာ အဆိုးရွားဆုံးအခြေအနေ တစ်ရပ်ဖြစ်တယ်လို့လည်း ထောက်ပြ ကြပါတယ်။
ရန်ကုန်မြို့က အိမ်ရှင်မ တစ်ဦးကတော့ မီးပြတ်တဲ့အချိန် ရေပြဿနာကို ဖြေရှင်းဖို့ ရေတုံကင်တွေကို ပြန်လုပ် နေကြရတယ်လို့ ပြောပါတယ်။
“အခုက မီးက ပေးပြီးသွားရင်လည်း အမြဲတမ်း လာနေတာတော့ မဟုတ်ဘူး။ ထမင်းအိုးတည်ရမှာလား။ ဟင်းအိုးပဲ ပြောင်းတည်ရမှာလား။ နောက်ကျတော့ မီးသွေးနဲ့ပဲ လုပ်လိုက်တယ်။ မီးသွေးကလည်း ဈေးတွေက တက်နေတယ်။ ကုန်ဈေးနှုန်းကလည်း အကုန်လုံး လိုက်တက်နေတာ။ တော်တော်ကြီးကို အဆင် မပြေဘူး။ ရေလည်း ခက်ခဲတယ်။ ကျွန်မတို့ ရပ်ကွက်တွေဆိုရင် တုံကင်ရေ ပြန်လုပ်။ အဲဒီလိုမျိုးပေါ့။ ရေ အခက်အခဲကတော့ ပိုများတယ်”
လက်ရှိမှာလည်း ရန်ကုန်မြို့မှာ တစ်နေ့ကို ၆ နာရီခန့် နှစ်ကြိမ်စီ ပြတ်နေတာကြောင့် အခက်အခဲနဲ့ ပိုမိုရင်ဆိုင် နေကြရတယ်လို့လည်း ပြောပါတယ်။
မန္တလေးတိုင်း အမရပူရ မြို့နယ်ထဲမှာလည်း တစ်နေ့ကို လျှပ်စစ်မီး ၈ နာရီသာ ရရှိ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုအချိန်မှာ လူတိုင်းဟာ ယခင်က စစ်အုပ်ချုပ်ရေး စနစ်အတိုင်း ကြုံနေကြရတာလို့ အမရပူရ မြို့ခံတစ်ဦးက ပြောပါတယ်။
"အရင်တုန်းကလည်း စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရတယ်။ အခုလည်း စစ်အုပ်ချုပ် ရေးအောက်မှာ နေရတယ်။ အဲဒီနှ စ်ခုရဲ့ ကြားထဲမှာ ပြည်သူ့အစိုးရ တက်တဲ့ ကြားထဲ မှာတော့ မီးတို့၊ စက်သုံးဆီဈေးတို့ဆိုတာ အစစအရာရာ အနည်းဆုံးဖြစ်အောင်၊ အချိုသာဆုံးဖြစ်အောင် လုပ်ပေးတာပေါ့နော်။ အခု အချိန်ကတော့ နီတာတွေ၊ စိမ်းတာတွေမပြောနဲ့ အကုန်လုံးကတော့ လူလူချင်းပဲ။ အကုန်လုံး တူတူခံစားရတာပဲ မီးပြတ်တာကတော့။ သိတဲ့အတိုင်း တို့တောသူ၊ တောင်သားဆိုတာ ဘယ်သူတက်တက် ကိုယ့်ဘာသာ လုပ်စားကြမယ်ဆိုတဲ့ အတွေးမျိုးလေးတွေပဲ ရှိတာပေါ့ကွာ။ သူများအိမ် မီးပြတ် သူ့အိမ်လည်း ပြတ်မှာပဲ၊ သူတို့ မီတာဆောင်လည်း ပြတ်မှာပဲ။ မီးပြတ်တာချင်း တူတူ မီးပြတ်တဲ့ ဒဏ်တော့ ဘယ်လူတိုင်းမှ မခံစားနိုင်ဘူးလေ။ လူနေမှု အဆင့်အတန်း ဆိုတာ လျှပ်စစ်မီးရှိမှ ပြည့်စုံတာကိုး"
တစ်နေ့ကို ၈ နာရီသာ လျှပ်စစ်မီးရနေတဲ့ အခြေအနေမှာ နောက်ထပ် ၂၄ နာရီ မီးပြတ် နိုင်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ကြောင့် တစ်ချိန်က လျှပ်စစ်မီးမရရှိခဲ့တဲ့ မြန်မာနိုင်ငံအဖြစ်ကို ပြန်ရောက်သွားတာလို့ သူက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ မကြာခဏ မီးပြတ်တောက်မှု ကို သိသိသာသာ ကြုံတွေ့လာရပြီး လက်ရှိမှာလည်း အချိန် ၃ နာရီကြာ တစ်နေ့ နှစ်ကြိမ် ပြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုတော့ ရေရှည်အတွက် ဘက်ထရီအိုးနဲ့ အင်ဗာတာတွေကို ပြင်ဆင်ထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ပြောရရင်တော့ ဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူးပေါ့နော်။ ပြည်သူတွေ အနေနဲ့ အရင်တုန်းက ပုံစံမျိုး ပြန်ပြီးရောက်သလိုမျိုး၊ အရင်ခေတ်ကို ပြန်ရောက် သလိုမျိုး ခံစားရတယ်။ ပြီးတော့ မီးပြတ်လို့လည်း ဘယ်သူမှ အဆင်ပြေမနေဘူး။ မီးပြတ်လို့ အားလုံးက အဆင်မပြေတဲ့သူပဲ များတာကိုး။ ရှေ့လျှောက် နွေရာသီ ဆိုတော့ မီးပြတ်တဲ့ဒဏ်ကို ပိုပြီးတော့ ခံရတော့မှာလေ။ သူများတွေ လုပ်သလိုမျိုး အိမ်မှာတော့ မီးစက်တော့ရှိတယ်။ မီးစက်ကလည်း စက်သုံးဆီဈေးတွေ တအား တက်နေတော့ သိပ်အဆင်မပြေဘူး။ ရေရှည် နှိုးဖို့ရာ ကျတော့လေ။ အဆင်မပြေတော့ ဘက်ထရီအိုးတွေ၊ အင်ဗာတာတွေပဲ ပြင်ဆင်ထားရတာပေါ့နော်"
စစ်ကောင်စီက ကြေညာထားတဲ့ မတ်လ ၁၂ ရက်ကနေ ၁၈ နေ့အထိ ရက်ရှည် မီးပြတ်လာနိုင်တဲ့ အတွက် မုံရွာမြို့ အပါအဝင် ရန်ကုန်၊ မန္တလေးနဲ့ ဒေသအတော် များများက ပြည်သူတွေဟာ ဖုန်းအားသွင်းဖို့ ပါဝါဘန့်တွေအပြင် ဆိုလာ၊ အင်ဗာတာ၊ မီးစက်ဝယ်ယူတာတွေ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တစ်နေ့ကို ဓာတ်ဆီဖိုး ခုနစ်သောင်း၊ ရှစ်သောင်းလောက် ကုန်တယ်။"
လုပ်သား ၁၀၀ ဝန်းကျင်ရှိတဲ့ မွန်ပြည်နယ်က အထည်ချုပ်စက်ရုံ တစ်ခုမှာလည်း မီးစက်နဲ့ အဓိကလည်ပတ် နေရတာကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီအထည်ချုပ် လုပ်ငန်းရှင်က ပြောပါတယ်။
"အခုထိကလည်း စိတ်ညစ်တယ် မီးကိစ္စက။ တစ်နေ့ကို ဓာတ်ဆီဖိုး ခုနစ်သောင်း၊ ရှစ်သောင်းလောက် ကုန်တယ်။ မီးက တစ်နေ့ကို ခြောက်နာရီပဲလာတာလေ။ ကျွန်တော်တို့လုပ်ငန်းက ၂၄ နာရီလေ။ အခုက စက်လည်း လက်မခံနိုင်တော့ဘူး။ အကျိုးအမြတ်တော့ မရှိဘူး။ အစိုးရ မီးက ခြောက်နာရီပဲ၊ မီးမလာရင် မီးစက် တိုက်ရိုက် မောင်းတယ်။ တကယ်လို့ ၂၄ နာရီ မီးပြတ်မယ်ဆို အားလုံးအချိန်ပြည့် မမောင်းနိုင် ဘူးလေ။ အလုပ်သမားက အလုပ်ရတယ်။ ကျွန်တော်တို့က အကျိုး အမြတ်တော့ မရှိဘူး။ လုပ်ငန်းရှင် အနေနဲ့ ပေါ့နော်"
လျှပ်စစ်မီး ပုံမှန်မရတာ၊ ဘဏ်တွေမှာ ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရတာ တွေကြောင့် လုပ်ငန်းရေရှည် လည်ပတ်ဖို့ ခက်ခဲနေတယ်လို့လည်း သူက ပြောပါတယ်။
ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကလည်း လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ်တွေ တိုးလာနေတယ်လို့ ပြောပါတယ်။

“ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းတွေကလည်း မီးမရှိလို့ မရဘူးလေ။ ရုံးတွေ အကုန်လုံး မီးရှိမှ လည်ပတ်နေတာပေါ့။ မီး မရှိတဲ့ အခါကျတော့ ကျွန်တော်တို့က အခက်အခဲတွေ အများကြီး ရှိတာပေါ့။ ဖြေရှင်းစရာတော့ ကျွန်တော်တို့မှာ မရှိဘူး။ မီးစက်ပဲ အားကိုးရတာပေါ့နော်။ ဒီအတွက် ကုန်ကျစရိတ်တွေ ရှိတာပေါ့။ မီးစက် မှာလည်း ဒီဇယ်ဈေး၊ ဓာတ်ဆီဈေးတွေ တက်နေတဲ့ အခါကျတော့လည်း ဘေးတွေ ကုန်တာပေါ့နော်။ ကျွန်တော်တို့လည်း ရွေးစရာမှ မရှိတာ။ ကျန်တဲ့ Resource တွေလည်း မစဉ်းစားထားတာ ပါတာပေါ့နော်။ ဆိုလာတို့၊ ဘာတို့လည်း မရှိတော့ အခုက မီးပြတ်ရင် မီးစက်ပေါ့နော်။ ကျွန်တော်တို့လည်း ရန်ကုန်မှာ ရှိတဲ့ ဆန်စက်တွေ ဘာတွေကလည်း မီးစက်နဲ့ လည်ရတာကိုး”
လျှပ်စစ်ဟာ နေ့စဉ်ဘဝရဲ့ လိုအပ်ချက် ဖြစ်တာကြောင့် မီးပုံမှန် မရရင် လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ သာမက ကျန်ကဏ္ဍတွေ အားလုံးမှာပါ အကျိုးသက်ရောက်မှု တွေ ရှိစေတယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ ဆိုးရွားတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကို ပြည်သူတွေ ကြုံတွေ့နေကြရပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ရုံးစိုက်ရာ နေပြည်တော်မှာတော့ လျှပ်စစ်မီး ပြတ်တောက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုအချိန်မှာတော့ စစ်အာဏာသိမ်းမှုကို ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေပါ အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကို အတူတူ ခံစားနေရတာလို့ မြင်ကြောင်း ရန်ကုန်မြို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
“မီးပြတ်တယ်ဆိုတဲ့ ဥစ္စာက အခု လောလောဆယ် စစ်ကောင်စီကို ထောက်ခံတဲ့ သူတွေပါ ထိခိုက်တာကိုး။ မထောက်ခံတဲ့သူတွေကိုပဲ ကွက်ပြီး ထိခိုက်တာမျိုး မဟုတ်တော့ဘူး။ နေပြည်တော်မှာ မီးလာနေတယ်ဆိုတာက တစ်ပိုင်းပေါ့နော်။ ကျန်တဲ့မြို့တွေမှာလည်း စစ်ကောင်စီကို ထောက်ခံတဲ့ လူမှုအသိုင်းအဝိုင်း ရှိသလို မထောက်ခံတဲ့ သူလည်း ရှိတယ်။ မီးပြတ်လိုက်တဲ့အခါ နောက်ဆုံး အဲဒီ အသိုင်းအဝိုင်း နှစ်ခုလုံး ဘယ်လိုပဲနေနေ၊ ကြားပဲနေနေ အကုန်လုံးတော့ ထိတာပဲလေ။ အဲဒီဟာကတော့ မြင်သာပါတယ်”
စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း တစ်နေ့တာ ပျမ်းမျှ လျှပ်စစ် ဓာတ်အားသုံးစွဲမှုဟာ နေ့ဘက်မှာ အများဆုံး ၃၄၀၀ မဂ္ဂါဝပ်၊ ညဘက်မှာ အများဆုံး ၃၆၀၀ မဂ္ဂါဝပ် ခန့်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုက စုစုပေါင်း ၂၁၇၇ မဂ္ဂါဝပ်သာ ရှိတယ်လို့လည်း ပြောပါတယ်။