မြန်မာ့လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကူညီပေးနေကြောင်း တရုတ်သံအမတ်ပြော

တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နဲ့ အခက်အခဲတွေကို တက်တက်ကြွကြွ ကူညီဖြေရှင်းပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က အောက်တိုဘာလ ၁၀ ရက်နေ့က ပြောဆို လိုက်ပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ကျောက်ဖြူ စွန့်ပစ် အပူသုံးဓာတ်အားပေးစက်ရုံရဲ့ ပထမဆုံး တာဘိုင်စက် စတင်လည်ပတ်ခြင်း အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။
"တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရဲရွာနှင့် ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ၊ သထုံနှင့် သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ မင်းဘူး နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် ရခိုင်ပြည်နယ် သူဌေးရေအားလျှပ်စစ်စက်ရုံစတဲ့ လျှပ်စစ်ဓာတ်အားစီမံကိန်းများစွာကို ပါဝင်တည်ဆောက်လျက်ရှိတယ်"
လက်ရှိမှာ တာပိန် (၁) ရေအားလျှပ်စစ်စက်ရုံကနေ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အား ထောက်ပံ့တာ၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား အပြန်အလှန် ချိတ်ဆက်တာ စတဲ့ စီမံကိန်းတွေကို မြှင့်တင်ဖော်ဆောင်နေသလို၊ အခု စတင်လည်ပတ်တဲ့ ကျောက်ဖြူ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ အထက်ဟာ တရုတ်နိုင်ငံကနေ ထုတ်လုပ်တာ ဖြစ်တယ်လို့ တရုတ်သံ အမတ်ကြီးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ရဲ့ မြန်မာအပေါ် ဆက်ဆံတဲ့ မူဝါဒက မပြောင်းလဲဘူးဆိုတာကို အခုလို ပြောဆိုမှုတွေနဲ့ ဆက်လက် ဆောင်ရွက်ချက်တွေအရ မြင်ရတယ်လို့ ရှမ်းပြည်နယ်၊ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
"သိပ်မပြောင်းလဲဘူးလို့ မြင်တယ်။ NLD အစိုးရ လက်ထက်ကလိုပဲ အခုလည်း မန္တလေး၊ ကျောက်ဖြူ အမြန်ရထားလမ်း နားလည်မှု စာချွန်လွှာ ထပ်ထိုးတာမျိုးတွေ ရှိတယ်။ တိုင်းတာမှုတွေတောင် စနေပြီ။ နောက် တခြားလုပ်ငန်းတွေလည်း ထပ်လုပ်တာတွေ လည်း သတိထားမိတယ်"
မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန် သုံးခု ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံ၊ ထားဝယ် အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံနဲ့ ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို တရုတ်နိုင်ငံနဲ့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်နေတာပါ။
အဲဒီအထဲက ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ စတင်သဘောတူညီခဲ့တာဖြစ်ပြီး စီမံကိန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံ၊ ရှယ်ယာကို တရုတ်ဘက်က ၈၅ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၁၅ ရာခိုင်နှုန်း ထည့်ဝင်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက်မှာတော့ စီမံကိန်း ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ၊ ရှယ်ယာကို တရုတ်ဘက်က ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်မှ ၃၀ ရာခှိုင်နှုန်းအဖြစ် ပြင်ဆင်ပြောင်းလဲနိုင်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ် - မြန်မာရထားလမ်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မန္တလေး - ကျောက်ဖြူ မီးရထားလမ်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုကို စတင်ဆောင်ရွက်နေပြီလို့လည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီလမ်းပိုင်းဟာ တရုတ်ရဲ့ မဟာဗျူဟာကျ ရထားလမ်း အစိတ်အပိုင်းဖြစ်ပြီး မူဆယ် - မန္တလေး ရထားလမ်းနဲ့ ချိတ်ဆက်သွားမှာလည်း ဖြစ်ပါတယ်။
ISP-Myanmar က ပြုစုထားတဲ့ စာရင်းတွေအရ တရုတ် - မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ ပြည်နယ်နဲ့တိုင်း ၁၀ ခုက မြို့နယ်ပေါင်း ၄၂ ခုမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက် အထိ တိုက်ပွဲပေါင်း ၂၀၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်မှုကိုတော့ အဆက်မပြတ် မြှင့်တင်ဖော်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai က အောက်တိုဘာလ ၁၀ နေ့ အခမ်းအနားမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။