ရန်ကုန်တိုင်းအတွင်း အလှည့်ကျမီးပေးမှု တစ်ပတ်ခန့်ကြာမြင့်နိုင်
2023.04.01

ဖျက်ဆီးခံရတဲ့ မဟာဓာတ်အားလိုင်း တာဝါတိုင်တွေ စတင်ပြုပြင်နေပြီး ပြုပြင်ချိန် တစ်ပတ်ခန့် ကြာမြင့်နိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဧပြီ ၁ ရက်နေ့မှာ ကြေညာပါတယ်။
နွေရာသီရောက်ရှိလာပြီဖြစ်လို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျတာ၊ မဟာဓာတ်အားလိုင်း တာဝါတိုင်တွေ ဖျက်ဆီးခံရတာ၊ အပူချိန်မြင့်တက်လာလို့ လျှပ်စစ်မီးသုံးစွဲမှု မြင့်တက်လာတာတွေကြောင့် လျှပ်စစ်ဓာတ်ဖြန့်ဖြူးမှု မလုံလောက်ဘဲ အလှည့်ကျမီးပေးနေရတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၂၇ ရက်နေ့က သထုံ-မော်လမြိုင် ဓာတ်အားလိုင်းက တာဝါတိုင် နှစ်တိုင် ဖောက်ခွဲဖျက်ဆီးခံရလို့ မော်လမြိုင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကနေ နိုင်ငံတော်ဓာတ်အားစနစ်ကို ဓာတ်အား မပို့နိုင်တာကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို ထိခိုက်စေတယ်လို့လည်း ပါရှိပါတယ်။
ပြီးခဲ့တဲ့ရက်က ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တို့မှာ နှစ်ရက်ကြာ လျှပ်စစ်မီး ယာယီပြတ်တောက်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီရက်မတိုင်ခင်ကတည်းက ရန်ကုန်နဲ့ မန္တလေးတို့မှာ လျှပ်စစ်မီး အလှည့်ကျနဲ့သာ ရရှိတာဖြစ်ပြီး အချိန်မှန် မီးမလာလို့ ပြည်သူတွေကြား အခက်အခဲတွေ ကြုံနေရပါတယ်။
မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှု ဆိုးဆိုးဝါးဝါးနိမ့်ကျနေတဲ့ အကြောင်းရင်းတွေထဲမှာ လျှပ်စစ်မီးဆိုးဝါးစွာပြတ်တောက်မှုလည်း ပါဝင်ပါတယ်။