မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ယူရို ၁၀ သန်းခွဲ EU ထပ်တိုးကူညီ

RFA Burmese
2023.11.16
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ယူရို ၁၀ သန်းခွဲ EU ထပ်တိုးကူညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၁၀ သန်းခွဲ (အမေရိကန်ဒေါ်လာ ၁၁ သန်းခွဲနီးပါး) ထပ်မံထောက်ပံ့သွားမယ်လို့ ဥရောပသမဂ္ဂ (EU) က နိုဝင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက အကူအညီလိုအပ်နေသူတွေကို ယူရို ခုနစ်သန်း ထောက်ပံ့ပေးမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ယူရို သုံးသန်းခွဲ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

EU ရဲ့ အကျပ်အတည်း စီမံခန့်ခွဲရေးမဟာမင်းကြီး Janez Lenarčič က မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ လျော့နည်းမသွားတာကြောင့် အကူအညီတွေထပ်ပေးသွားမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသူတွေ ဘေးကင်းလုံခြုံရေးမှုရှိရှိ သွားလာခွင့်ရဖို့ အရေးကြီးတယ်လို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်နေပြီး အခုပေးမယ့်အကူအညီတွေထဲမှာ စားနပ်ရိက္ခာနဲ့ အာဟာရထောက်ပံ့တာတွေအပါအဝင် အရေးပေါ်လိုအပ်တဲ့အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ ရေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကိုလည်း ကူညီထောက်ပံ့ပေးသွားမယ်လို့ EU က ပြောပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုလည်း ယူရို သုံးသန်းခွဲထဲကနေ အစားအစာနဲ့ အာဟာရဆိုင်ရာ အကူအညီတွေ ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေကိုလည်း ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

အခုထပ်တိုးပေးလိုက်တဲ့ ယူရို ၁၀ သန်းခွဲနဲ့ဆိုရင် EU က မြန်မာနိုင်ငံမှာရှိနေတဲ့ ဒုက္ခသည်တွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း ယူရို ၆၈ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။