ပိတ်ဆို့အရေးယူမှု တစ်နှစ် ရပ်ဆိုင်းမယ်လို့ အီးယူကြေညာ

Luxembourg နိုင်ငံမှာ ကျင်းပနေတဲ့ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကနေ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု အားလုံးနီးပါးကို တစ်နှစ် ရပ်ဆိုင်းမယ်လို့ ကြေညာလိုက်ပါတယ်။

2012.04.23
catherine-ashton-eu-b305 ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အကြီးအကဲ မစ္စ Catherine Ashton ပုံ
European Commission web site

အီးယူက ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲမှာ လူပုဂ္ဂိုလ် အရေအတွက် ၅၀၀ နဲ့ စီးပွားရေးလုပ်ငန်း ၈၀၀ ရှိတယ်လို့ ဆိုပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေကို ဆိုင်းငံ့ထားလိုက်ပေမယ့် စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုကိုတော့ ဆက်လက် ပိတ်ပင်ထားမယ်လို့ သိရပါတယ်။

အခုလို ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေးလိုက်တာဟာ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ တုံ့ပြန်မှုသာဖြစ်ပြီး အပြောင်းအလဲတွေကို အီးယူအနေနဲ့ အနီးကပ် စောင့်ကြည့်သွားမယ်လို့ အမည်မဖော်လိုတဲ့ အီးယူသံတမန်တွေက ဆိုပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန် သင့်သလဲဆိုတဲ့ အချက်အပေါ်မှာ အီးယူအဖွဲ့အတွင်းမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဂျာမဏီနိုင်ငံက ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းစေလိုပေမယ့် ဗြိတိန်နိုင်ငံကတော့ ဖိအားပေးဆောင်ရွက်မှုကို ဆက်လက် ထားရှိလိုတယ်လို့ ဆိုပါတယ်။

အီးယူက အရေးယူထားတဲ့ လူပုဂ္ဂိုလ်တွေ စာရင်းထဲက သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရထိပ်ပိုင်း ခေါင်းဆောင် ၈၇ ဦးကို ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ထားတာ ပယ်ဖျက်ပေးထားပြီး ဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်အတွင်းမှာ အီးယူအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး Ms. Catherine Ashton ဟာ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်မှာဖြစ်သလို မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ကိုလည်း ဘယ်လ်ဂျီယမ်နိုင်ငံမှာရှိတဲ့ အီးယူအဖွဲ့ရုံးကို ဖိတ်ကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။