မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ လက်နက်ပွဲစားတွေကို အီးယူထပ်မံဒဏ်ခတ်ပိတ်ဆို့

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.02.20
မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ လက်နက်ပွဲစားတွေကို အီးယူထပ်မံဒဏ်ခတ်ပိတ်ဆို့ (ဝဲ မှ ယာ) ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်မောင်မောင်အေး၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး။
Citizen Journalist

မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ စစ်တပ်အတွက် လက်နက်ဝယ်ပေးနေကြတဲ့ လက်နက်ပွဲစားတွေ အပါအဝင် လူပုဂ္ဂိုလ် ၉ ဦးနဲ့ အဖွဲ့အစည်း ၇ ခုကို အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)က ဖေဖော်ဝါရီ ၂ဝ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေထဲမှာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်မောင်မောင်အေး၊ ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်၊ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ ကချင်ပြည်နယ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး တို့ ပါပါတယ်။

eu sanctions-01.jpg
ဥရောပသမဂ္ဂ (EU) က ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည့် လူပုဂ္ဂိုလ် ကိုးဦးစာရင်းထဲ ပါဝင်သည့် ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်။ (Photo: Myawaddy)

သူတို့တွေဟာ စစ်ကောင်စီအတွက် ရုရှားနိုင်ငံကနေ လက်နယ်ဝယ်သူနေသူတွေ၊ အရပ်သားပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်ပြီး သတ်ဖြတ်နေသူတွေဖြစ်ပြီး ကချင်ပြည်နယ်က လူပေါင်းများစွာသေဆုံးရတဲ့ လေကြောင်းသုံး ပစ်ခတ်မှု၊ စာသင်ကျောင်းတွေနဲ့အရပ်သားတွေကို လေကြောင်းသုံးတိုက်ခိုက်နေတာတွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့လက်နက်ပွဲစားတွေဖြစ်တဲ့ Myanmar Chemical and Machinery Company Limited ဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး၊ Yatanarpon Aviation Support Company ဒါရိုက်တာ ဦးစစ်တိုင်းအောင်၊ Sky Aviator Company Limited တည်ထောင်သူ ဦးကျော်မင်းဦးတို့ သုံးယောက်ကိုလည်း အီးယူက ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲမှာ ထည့်ထားပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဌာန လက်အောက်ခံ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေး ပစ္စည်းဝယ်ယူရေးရုံးနဲ့ Asia Sun Group၊ Dynasty International Company Limited၊ International Gateways Group of Company Limited (IGG) နဲ့ Sky Aviator Company Limited တွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။

image.jpg
ဥရောပသမဂ္ဂ (EU) က ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည့် လူပုဂ္ဂိုလ် ၁၉ ဦးစာရင်းထဲ ပါဝင်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၊ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ စစ်ကောင်စီခန့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးသန်းဆွေ။ (ဝဲ မှ ယာ)

ဥရောပသမဂ္ဂရဲ့ ဒီတစ်ခါ ဒဏ်ခတ်ပိတ်ဆို့တာဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေအပေါ် ခြောက်ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့တာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ပေါင်း ၉၃ ဦးနဲ့ အဖွဲ့အစည်း ၁၈ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။