တစ်ဒေါ်လာကို ကျပ်ငွေ ၂၀၀၀ ကျော်နဲ့ မြန်မာငွေတန်ဖိုး စံချိန်တင်ကျဆင်း
မြန်မာငွေစျေး စံချိန်တင်ကျဆင်းနေပြီး စက်တင်ဘာ ၁၀ ရက် ဒီနေ့မနက်ပိုင်းမှာ တစ်ဒေါ်လာ ၁,၉၆၀ ကျပ်အထိဖြစ်ခဲ့သလို နေ့လည်ပိုင်းမှာ တစ်ဒေါ်လာကို ၂၀၂၀ ကျပ်အထိရှိလာပါတယ်။
ဗဟိုဘဏ်က ဒီကနေ့မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၇၃၀.၄ ကျပ်အဖြစ် သတ်မှတ်ထား ပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ဒေါ်လာကို မြန်မာငွေ ၂၀၂၀ ကျပ်အထိ ပေါက်ဈေးရှိနေတာလို့ နိုင်ငံခြား ငွေလဲလှယ်တဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်အထိ တစ်ဒေါ်လာကို မြန်မာငွေ ၁၃၃၀ ကျပ်ဝန်းကျင်ရှိခဲ့ရာက အာဏာသိမ်းမှုအပြီး ခုနစ်လအကြာမှာတော့ မြန်မာငွေတန်ဖိုး ၇၀၀ ကျပ်ဝန်းကျင် အထိ ကျဆင်းခဲ့ရတာဖြစ်ပါတယ်။
“ဒေါ်လာဈေးတက်တော့လည်း ကုန်ဈေးနှုန်းပါ လိုက်တာလာတာပေါ့၊ ပထမအချက် ဓာတ်ဆီ၊ ဒီဇယ်က ပြင်ပကနေသွင်းတယ်၊ သယ်ယူပို့ဆောင်တဲ့နေရာမှာ အခြေခံကုန်စည် တက်လာတာပေါ့နော်။ ဒုတိယ အချက်က မြန်မာငွေတန်ဖိုးကျတာပေါ့နော်၊ ရွှေဈေးတို့ ဒေါ်လာဈေးတို့ ချိန်လိုက်ရင် ၄၀ ရာခိုင်နှုန်း လောက်ကျသွားတာပေါ့၊ ဘဏ်ထဲက ထုတ်မရတော့ ဘဏ်ထဲမှာနေရင်း ကျပ်ငွေတန်ဖိုးကျတော့ အလိုလိုဆုံးရှုံးသွားတာလို့ ထင်တယ်" လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။
မြန်မာငွေတန်ဖိုးကျတာကို ကုစားဖို့အတွက် နိုင်ငံခြားငွေရနိုင်မယ့် ပို့ကုန်များများတင်ပို့ဖို့ လိုနေတယ်လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။
ဒေါ်လာဈေးအနဲ့အတူ မြန်မာ့ရွှေဈေးဟာလည်း အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို ၁,၈၄၅,၀၀၀ ကျပ် (တစ်ဆယ့်ရှစ်သိန်း လေးသောင်းငါးထောင်) အထိ မြင့်တက်နေတယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ ဒီနေ့ ဈေးနှုန်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုန်သွယ်မှုကဏ္ဍမှာလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ကာလတူ ၂၀၁၉-၂၀၂၀ ခုမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၀,၀၀၀ (တစ်သိန်းခြောက်သောင်းကျော်) တင်ပို့ ထားနိုင်ခဲ့ပေမယ့် အခုနှစ် ၂၀၂၀-၂၀၂၁ ခုနှစ်မှာတော့ ဒေါ်လာသန်းပေါင်း ၁၃၀,၀၀၀ တစ်သိန်းသုံးသောင်း ကျော်သာ တင်ပို့နိုင်ခဲ့ပြီး အရင်နှစ်ကထက် ဒေါ်လာသန်း ၂၈၀၀ (နှစ်ထောင့်ရှစ်ရာကျော်) လျော့နည်း သွားပါတယ်။