အကြိုနဲ့အကျ နှစ်ရက်အတွင်း နေရာစုံမှာ ပေါက်ကွဲမှု ၁၀ ကြိမ်ကျော်ဖြစ်ခဲ့

RFA Burmese
2023.04.15
အကြိုနဲ့အကျ နှစ်ရက်အတွင်း နေရာစုံမှာ ပေါက်ကွဲမှု ၁၀ ကြိမ်ကျော်ဖြစ်ခဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင် ရန်တိုင်းအောင်ဘုရားအဆင်းနေရာတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားစဉ်။
Citizen Journalist

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့နဲ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့အတွင်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရန်ကုန်တိုင်းမှာ သာကေတ၊ လှိုင်သာယာ၊ အင်းစိန်နဲ့ မြောက်ဒဂုံမြို့နယ်တွေမှာရှိတဲ့ သင်္ကြန်မဏ္ဍပ်အနီးနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးပေါက်ကွဲမှု ငါးကြိမ်ခန့် ရှိခဲ့ပါတယ်။

ဧပြီ ၁၃ ရက်နေ့က လှိုင်သာယာမြို့၊ ၁၂ ရပ်ကွက်၊ အထက (၂) ကျောင်းရှေ့ပေါက်ကွဲမှုမှာ လည်း စစ်ကောင်စီတပ် ဗိုလ်မှူးကြီးတစ်ဦး သေဆုံးခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့က ပြောပေမယ့် RFA အနေနဲ့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။

သင်္ကြန်အကြိုနေ့မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာရှိတဲ့ စစ်ကောင်စီတပ် ဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်ကွဲလို့ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သွားရောက် ကူညီခဲ့တဲ့ ကမ္ဘောဇလူမှုကူညီရေး အသင်းအဖွဲ့ဝင်က ပြောပါတယ်။

"ပေါက်ကွဲမှု ပြင်းထန်ပုံက လားရှိုးပြည်သူ့ဆေးရုံကြီးကို ပို့ထားခဲ့ရတဲ့ သေဆုံးသူ ရုပ်အလောင်းတွေဆို ရုပ်ပျက် ဆင်းပျက်တွေချည်းပဲ၊ သူတို့အိမ်ကမိသားစုတွေတောင် သူတို့ရုပ်တွေကို မမှတ်မိနိုင်ဘူး"

ဒါ့အပြင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့သလို ပဲခူးတိုင်း၊ လက်ပံတန်းမြို့မဈေးအနီးက ရေကစားမဏ္ဍပ်နဲ့ ရဲစခန်းအနီး၊ မုံရွာမြို့ ဗဟိုမဏ္ဍပ်အနီးတွေမှာလည်း ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာ အလယ်တန်းကျောင်းက ရေကစားမဏ္ဍပ်လည်း ဧပြီ ၁၃ ရက် ညနေ ပိုင်းမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာကြောင့် ကလေးငါးဦးအပါအဝင် ရှစ်ဦးသေဆုံး ပြီး ၃၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ ဧပြီ ၁၄ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ကလည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။