အမ်း-ပဒါန်းလမ်းက နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံရ
2024.11.27
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းတစ်လျှောက်က နေအိမ် နှစ်ရာကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၂၇ ရက် ဒီနေ့ ပြောပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို စစ်ကူသွားတဲ့ စစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီအခြေအနေကိုသိတဲ့ အမ်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“နိုဝင်ဘာလ၂၅ ရက်နေ့ မနက်စောစောပိုင်းမှာ အဝေးပြေးကားကြီးတွေ ရပ်နားကြတဲ့ ဂုတ်ကြီး ခရီးသွားနားနေစခန်းနဲ့ အနီးအနားက ရွာတွေကို စစ်တပ်ကဝင်ပြီး မီးရှို့သွားတာ ဂုတ်ကြီးက အိမ် ရှစ်ဆယ်ကျော်၊ ဘုံးဘောမှာ တစ်ရာလောက်ရှိမယ်။ သဘော့မှာ လေးဆယ် နီးပါးလောက် မီးလောင်သွားတယ်”
အဲဒီရွာတွေမှာ နေထိုင်တဲ့သူတွေဟာ အနီးဝန်းကျင်က ရိုးမတောင်ပေါ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီတပ်က အမ်းမြို့နယ်ထဲကို အမ်း-ပဒါန်းလမ်းအတိုင်း တောလမ်းက ခြေလျှင်ဝင်ရောက်ဖို့ ကြိုစားနေသလို ကားလမ်းကလည်း စစ်ယာဉ်တန်းနဲ့ အင်အားဖြည့်ဖို့ ကြိုးစားနေတဲ့အတွက် ရိုးမတောင်ပေါ်မှာ နိုဝင်ဘာ ၂၇ ဒီနေ့မနက်စောစောပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ AA စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အမ်းမြို့ထဲမှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်နေသလို အရပ်သားတချို့ ထိခိုက်သေဆုံးမှုရှိပြီး ပိတ်မိနေတဲ့ အရပ်သားတွေကို AA က ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သူကပြောပါတယ်။
“စစ်ကောင်စီက မြို့ထဲက အထက (၂) ကို ဆေးရုံလုပ်ပြီး နေရာယူထားတယ်။ စစ်ကောင်စီရဲ့ ဝန်ထမ်းတွေ၊ ထောက်ခံသူတွေလည်း အဲ့ဒီအနီးအနားတွေမှာ ရှိနေကြတယ်။ အရပ်သားတွေလည်း ရှိနေပါတယ်။ အမ်းလေဆိပ် အနီးအနားမှာတော့ ဟိုဘက် ဒီဘက် စနိုက်ပါတွေနဲ့ ထောက်ထားကြတယ်။ စစ်တပ်က လေဆိပ်ကို မသုံးရဲဘူး”
အမ်းမြို့ လေယာဉ်ကွင်းအနီးက ရွာဟောင်းဘက်မှာတော့ နိုဝင်ဘာ ၂၆ ရက်နေ့အထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်လို့ အမ်းဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် အမ်း-ပဒါန်းလမ်းပေါ်က ကံမြင့်ကံ စစ်ဆေးရေးဂိတ်မှာ အမ်းမြို့ပေါ်က နေရပ်စွန့်ခွာလာတဲ့ အရပ်သားနဲ့ စစ်ကောင်စီရဲ့ ဝန်ထမ်းမိသားစု လေးရာကျော်ကို စစ်ကောင်စီတပ်က တားဆီးပြီး သွားလာခွင့်မပြုတာ ဆယ်ရက်နီးပါး အထိရှိလာပြီလို့ ဆိုပါတယ်။
အမ်းမြို့နယ်ထဲက နှစ်ဖက်တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။