ဖလမ်းစစ်ဘေးဒုက္ခသည်တွေ ကားမှောက်လို့ တစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ
2024.07.31
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ တိုက်ပွဲသတင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ကားတိမ်းမှောက်ခဲ့တာကြောင့် တစ်ဦး သေပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖလမ်းမြို့ကနေ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို နေရပ်စွန့်ခွာဖို့ထွက်လာချိန် ဖလမ်းမြို့နယ်၊ မွန်လီရွာအနီးမှာ မိုးရွာသွန်းမှုများလို့ လမ်းချော်ပြီး ကားတိမ်းမှောက်ခဲ့တာလို့ အဲဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လမ်းက ချော်နေတော့ ကားက မနိုင်လို့ နောက်ပြန်ဆုတ်ရင်းနဲ့ နောက်ပြန်ပြီး လမ်းဘေးကို ကျသွားတာ။ သေတာက တစ်ဦး၊ ငါးဦးက ဒဏ်ရာရတယ်၊ အဲဒီထဲက နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်"
သေဆုံးသူဟာ အသက် ၆၀ အရွယ် ဒေါ်ခင်ရမ် (Pi Khen Rem) ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ဖလမ်းမြို့ပေါ်က ဒေသခံ ငါးထောင်ကျော်ဟာ တိုက်ပွဲသတင်းကြောင့် ကလေးမြို့နဲ့ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးနေကြပါတယ်။
ဖလမ်းမြို့မှာ ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြို့ပေါ်ရပ်ကွက်တချို့နဲ့ အနီးအနားကျေးရွာတွေမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖလမ်းမြို့ပေါ်က အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းပြီး ဒီနှစ်အတွင်း စစ်ကောင်စီကင်းစင်တဲ့ ချင်းပြည်နယ်ဖြစ်ဖို့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ ချင်းညီနောင်မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က RFA ကို ဇူလိုင်လ ၃၀ ရက်နေ့က ပြောထားပါတယ်။